သျှမ်းပြည်တောင်ပိုင်း၌ ကျင်းပသည့် Oxford ဆရာတော်မွေးနေ့ပွဲ ဆေးရုံ၊ ဆေးပေးခန်း၊ ကျောင်းတိုက်၊ ပြခန်း စသည့်အလှူကြီးများပြုလုပ်



ဗြိတိန်နိုင်ငံ Oxford ဗုဒ္ဓဝိဟာရ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ၏ ရွှေရတု မွေးနေ့ပွဲတော်နှင့် ကို သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ အထိကျင်းပရာတွင် ဆေးရုံ၊ ဆေးခန်း၊ ထီးတော်တင်၊ ကျောင်းတိုက်အလှူ နှင့် အခြားအလှူကြီးများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။




ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရားပွဲ၊ ကျောင်းတော်ရေစက်ချပွဲ၊ မိုင်းဖုန်းဆရာတော်မှ တည်ဆောက် လှူဒါန်းသော စေတီတော်ထီးတင်ပွဲ ရေစက်ချပွဲ၊ အကအလှ တေးဂီတဖျော်ဖြေပွဲတော်၊ နိဗ္ဗာန်ဈေး၊ ပြခန်း ပါဝင်သည့် ပွဲတော်နှင့်အတူ သျှမ်းပုရပိုက်စာကွန်ဖရင့် တို့ကို ကျင်းပခဲ့ပါသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မိုင်းကိုင်မြို့သို့စုပေါင်းသွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဆိုပါသည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပါမောက္ခဆရာတော် Dr. အရှင်ဓမ္မသာမိ နှစ် (၅၀) ပြည့်ရွှေရတုမွေးနေ့ပွဲတော်နှင့် ဒုတိယအကြိမ် သျှမ်းပုရပိုက်စာပေကွန်ဖရင့်  ဖွင့်ပွဲအခမ်းအနား ကို ဒီဇင်ဘာ ၂၀ ရက်နေ့ က ကျင်းပရာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်စဝ်အောင်မြတ်နှင့်ဇနီး ဒေါ်ဖြူဖြူညွန့်၊ ပြည်ထောင်စု ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး  ဒေါ်နန်းရွှေမှုံတို့လည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါဖွင့်ပွဲနေ့တွင် ဆောက်လုပ်လှူဒါန်းသော မျက်လုံးစစ်ဆေးကုသရေးဆေးပေးခန်း၊ ဝုန်းမေတ္တာ အဖွဲ့မှ ကုသိုလ်ပြု ဆေးပေးခန်း ဖွင့်ပွဲတို့ကိုပါ ဖွင့်လှစ်ခဲ့ပါသည်။ လဲချားမြို့ အမျိုးသမီးများမှ ကြာပန်းအလှပုံဖော်နှင့် နှစ် ၅၀ ပြည့် စာလုံးပုံဖော် အကအလှများဖြင့် ပွဲဖွင့်လှစ်ကပြ လှူဒါန်းခဲ့သည်။

၎င်းနှင့်ပတ်သက်၍ ပွဲတော်သို့ရောက်ရှိနေသော ကျိုင်းတုံလူငယ် စိုင်းယွက်ခမ်းက “ မြို့အဝင်ဆိုင်းဘုတ် ကနေ ပွဲကျင်းပတဲ့ကျောင်းတော်အထိ လမ်းတလျှောက်မှာ သာသနာ့အလံတော် နဲ့ သျှမ်းပြည်နယ် ပြုအလံတော်တွေ စိုက်ထူထားတယ်။ လမ်းတလျှောက်ဓါတ်တိုင်တွေမှာလည်း ဆရာတော်ရဲ့ ပုံတော် တွေချိတ်ဆွဲထားပါတယ်။ ဖွင့်ပွဲကိုတော့ နိုင်ငံတကာက လာရောက်ချီးမြင့် ဖွင့်လှစ်တဲ့သံဃာတော် အပါး ၃၀ လောက်ရှိပါတယ်။” ဟု ပြောဆိုပါသည်။

ပွဲတော်လုံခြုံရေးအတွက် လဲချားဒေသခံ စိုင်းလိုင်းဦးဆောင်သောလူငယ်အဖွဲ့က ပြည်သူရဲတပ်ဖွဲ့ နှင့်အတူ ကုသိုလ်ပြုခဲ့ပါသည်။

ဒေါက်တာ ဓမ္မသာမိကို ဖခမည်းတော် လုံးစန်းခမ်းအောနှင့်မယ်တော် ပါ့စန်းဆွေတို့မှ ၁၉၆၄ ခု နိုဝင် ဘာလ ၂၃ ရက်တွင် မွေးဖွားခဲ့ပါသည်။ ၆ နှစ်သားကတည်းက လဲချားမြို့နယ် ကျောင်းအွတ် သီရိ မင်္ဂလာကျောင်းတော်တွင် ကိုရင်ဝတ် ပြီး မော်လမြိုင်မြို့ ဓမ္မာစရိယတန်း၊ သီဟိုဠ်ကျွန်းမှ B.A / M.A တန်းတို့အပြင် အင်္ဂလန်နိုင်ငံ အောက်စဖိုဒ့်တက္ကသိုလ်မှ ပါမောက္ခဘွဲ့  Ph.D ကို ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါ တက္ကသိုလ်တွင်ပင် ဗုဒ္ဓဘာသာ ဘာသာရပ်၏ ဓမ္မကထိကအဖြစ် သာသနာ့ဝန်ဆောင်နေ ဆဲဖြစ် ပါသည်။ ထိုင်းနိုင်ငံတွင်နှစ်စဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ) ညီလာခံတွင်လည်း အတိုင်အပင်ခံဆရာတော်အဖြစ်လည်းကောင်း၊ ကမ္ဘာ့ထေရဝါဒ ဗုဒ္ဓဘာသာအသင်းကြီး၏ အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း သာသနာ့ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates