မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း RCSS/SSA နှင့် ပတ်သက်ဆက်နွယ်



သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တူးဖေါ်မည့် ကျောက်မီးသွေးစီမံကိန်းများသည် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် ပတ်သက်ဆက်နွယ် သည်ဟု ဒေသခံများက ပြောသည်။





ဒီဇင်ဘာလ ၁ ရက်နေ့ရက်စွဲပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က လက်မှတ်ရေးထိုးကာ “ ကျောက်မီးသွေးတူးဖော်ဖို့  ခွင့်ပြု ချက်ပေးရာတွင် ဒေသခံများ၏  ဆန္ဒကိုမလိုက်လျောပါက ဆန့်ကျင်ဆန္ဒပြနိုင်သည်၊ ဒေသခံများက ကုမ္မဏီများအား တူးဖော်ထုတ်ယူခွင့်ပြု ပေးပြီးမှ ပြန်လည်ကန့်ကွက်သည်မှာမသင့်လျော်ကြောင်း၊ ဒေသခံလူထု၏ နောက်ကွယ်တွင် လှုံ့ဆော်သူရှိသည်ဟု ယူဆရကြောင်း၊ မည်သို့ပင်ဆိုစေ ဒေသခံ နှင့်သံဃာတော်များအနေဖြင့် ပြဿနာများမဖြစ်ပွါးအောင် ပြန်လည်သုံးသပ်ဆွေးနွေးသင့်ကြောင်း ” စသဖြင့် အချက်များပါရှိသော စာတစောင်ကို ဒေသခံလူထုထံပေးပို့ခဲ့သည်။

“ကုမ္ပဏီက ပြောတယ်။ နေပြည်တော်ဆီကကော သျှမ်းပြည်တပ်မတော် ထံကရော ခွင့်ပြုချက်ရပြီးပြီ။ လူထု လဲ သဘောတူတယ်။ ဒါကြောင့် လာမယ့်နှစ်မှာ လုပ်ငန်းစတင်တော့မယ်လို့ ပြောသံကြား နေတယ်။ လူထုလက်မှတ်ရေးထိုးလို့ ဆိုင်ရာအာဏာပိုင်တွေ ခွင့်ပြုချက်ပေးတယ်ဆိုတာက လူထု တချို့ကို တယောက် ပိုက်ဆံ ကျပ်တသောင်းပေးပြီး သတ္တုတူးဖေါ်ဖို့ သဘောတူလက်မှတ်ရေး ထိုးခိုင်းတယ်။ သူတို့ရွာက ကျောက်မီးသွေး နဲ့ တိုက်ရိုက်ပတ်သက်တာမဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုလိုစာရေးလာလို့ ကျနော်တို့က အလျင်အမြန် တွေ့ဆုံဆွေးနွေးရတာဖြစ်တယ်” - ဟု လူငယ်ခေါင်းဆောင် စိုင်းလင်းကပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းနယ်မြေအတွင်းမှ ဒေသခံလူထု ၁၀၀ နီးပါး တွေ့ဆုံခဲ့ကြပြီး တူးဖော်ရေးကုမ္မဏီများအား ဒေသတွင်းကျောက်မီးသွေးတူးဖော်မှုအတွက် ခွင့်ပြုချက်လက်မှတ်ရေးထိုးကြသည့် ရွာသား ၁၀ ကျော် သည် မိုင်းကိုင်ဒေသခံများအားလုံးကိုကိုယ်စားမပြုသောကြောင့် ဆက်လက်ကန့်ကွက်သွားမည် ဟုဆိုသည်။

“တကယ်တမ်း သတ္တုတူးဖော်မယ်ဆိုရင် ဘယ်လိုဆိုးကျိုး ကောင်းကျိုးရှိမယ်ဆိုတာကိုလည်း ကုမ္မဏီက ရှင်းပြတာမရှိဘူး။ တခြားဘယ်အဖွဲ့အစည်းမှလည်း လာရှင်းပြတာမရှိဘူး။ လမ်းဖောက်ပေးမယ် လျှပ် စစ်မီးရအောင် လုပ်ပေး မယ်ဆိုရုံလောက်နဲ့ သူတို့က ကျေနပ်ပြီးခွင့်ပြုချက် လက်မှတ်ထိုးလိုက် တာလေ” - ဟု အစည်းအဝေးတက်ရောက်သူ တဦးကပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း နယ်မြေဧက ၁၂၀၀ ကျော်ကိုအသုံးပြုကာ ကျောက်မီးသွေးတူး ဖော်မည်ဖြစ် ကြောင်း နေပြည်တော်အစိုးရနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထံ သတ္တုတူး ဖေါ်ရေးကုမ္မဏီက ခွင့်ပြုချက်ရထားပြီးဖြစ်သည်ဟုဆိုသည်။ ပြန်လည်စီစစ်ပေးနိုင်ရန်အတွက် လည်း နိုဝင်ဘာလ ၁၂ ရက်က မိုင်းကိုင်ဒေသခံများက စုပေါင်းလက်မှတ်ရေးထိုးကာ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီထံသို့ တကြိမ်ပေးပို့ခဲ့သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်သည် အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် အပစ်ရပ်စဲရေးသဘောတူပြီးသည့်နောက်ပိုင်း သျှမ်းပြည်တွင်း မြေပေါ်မြေအောက်သဘာဝ သယံဇာတများကို RCSS/SSA ထံမှ ခွင့်ပြုချက်မရဘဲ တူးဖော်ထုတ်ယူခြင်းမပြုရဟု ထုတ်ပြန်ကြေငြာခဲ့ဖူးပါသည်။
 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates