သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်၏ တတိယအမြင့်ဆုံးတောင်ပေါ်သို့ လူငယ်များသွားရောက်ကျင်းပမည်



ဖေဖေါ်ဝါရီ ရ ရက်နေ့၌ ကျရောက်မည့် ၆၈ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့အား သျှမ်းပြည်အလယ်ပိုင်းရှိ တတိယအမြင့်ဆုံးတောင်ထိပ်သို့  လူငယ်များတက်ရောက်ဂုဏ်ပြုမည်ဟု သျှမ်းလူငယ်ကွန်ရက် တောင်တက် အဖွဲ့ခေါင်းဆောင် ကပြောသည်။

သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းပြည်၏ တတိယအမြင့်ဆုံးတောင်ပေါ်သို့ လူငယ်များသွားရောက်ကျင်းပမည်

အမြင့်ပေ ၈၁၂၉  ပေ ရှိ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွယ်ဇန့်တောင် သို့တက်ရောက်မည်ဖြစ်ပြီး  သျှမ်းပြည်မြောက်ပိုင်း ၁၃ မြို့နယ်မှ လူငယ်များ အပြင် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်းမှ လူငယ်များ စုပေါင်းတက်ရောက်မည်ဟု  သျှမ်းလူငယ်ကွန်ယက် တောင်တက်အဖွဲ့ခေါင်းဆောင် စိုင်းဝမ်းလျဲန်းက ဤကဲ့သို့ ပြောသည်။

 “ သျှမ်းပြည်နယ်နေ့မှာ ကျနော်တို့ သျှမ်းလူငယ်ကွန်ယက် TYN က စုစုစည်းစည်းနဲ့ တောင်ထိပ်ထိ တက်ရောက်လေ့လာမယ်။ လူငယ်အင်အား ၆၀၀ ကျော်  ခန့်မှန်းထားတယ်၊ အဲ့ဒီ့ထက်ပိုရင်လဲ ပိုနိုင်တယ်”

 ယခုခရီးစဉ်တွင် သျှမ်းလူငယ်ကွန်ယက်နှင့် ဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် များ ဒေသခံ ရပ်မိရပ်ဖများ သံဃာတော်များလည်း တက်ရောက်မည်ဟု မိုင်းကိုင်ဒေသခံ စိုင်းမိန်းက ပြောသည်။

တောင်တက်ရာတွင်အစဉ်ပါဝင်သူ  သျှမ်းလူငယ် ကွန်ယက် အသင်းသား စိုင်းစိုင်းခမ်းက “ ကျနော်တို့ လွယ်လိန်းတောင်တက်တာ လူငယ်အင်အား ၃၀၀ ကျော်တယ်၊ လွယ်ဆမ်ဆစ်ကတော့ ၆၀၀ လောက် ရှိသွားတယ်။ အခု ဒီခရီးစဉ်က ပိုများမယ်ထင်တယ်” - ဟု  ပြောသည်။

ယခုတက်ရောက်မည့် ခရီးစဉ်သည်  စတုတ္တကြိမ်မြောက်တောင်တက်ခြင်းခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်သည် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းရှိ ပေ ၈၇၇၇ ရှိ လွယ်လိန်းတောင်၊ ဒုတိယ အကြိမ်တွင် သီပေါမြို့နယ်ရှိ လွယ်ခေးတောင်၊ တတိယအကြိမ် ကွတ်ခိုင်မြို့နယ်ရှိ လွယ်ဆမ်ဆစ်တောင် သို့တက်ရောက် ခဲ့သည်။

သျှမ်းပြည်အမျိုးသားနေ့သည် ၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မတိုင်မီ ၅ ရက်အလိုတွင် သျှမ်းစော်ဘွား ကိုယ်စားလှယ် ရ ဦး၊ လူထု ကိုယ်စားလှယ် ရ ဦး တို့ စုပေါင်း၍ သျှမ်းပြည်ကောင်စီ ဖွဲ့စည်းနိုင်သည့်နေ့ကို ဂုဏ်ပြုသတ်မှတ်ထားခြင်းဖြစ်သည်။

ဓါတ်ပုံ - ၂၀၁၄ ဖေဖော်ဝါရီလက သျှမ်းလူငယ်ကွန်ယက်အဖွဲ့တက်ရောက်နိုင်ခဲ့သော ပေ ၈၀၀၀ ကျော်ရှိ အမြင့်ဆုံး လွယ်လိန်းတောင်ထိပ်မှ အမှတ်တရဓါတ်ပုံ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates