ဆန္ဒပြမှုဟာ မြေယာကိုအကြောင်းခံပြီး ပါတီကြီးတစ်ခုက နိုင်ငံရေးအမြတ်ထုတ်နေတာ - PNA ပြော



PNO/PNA မှ သိမ်းဆည်းထားသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဂျန္နဝါရီလ ၈  ရက်နေ့က တောင်ကြီးမြို့နယ်အတွင်းရှိ ပအိုဝ်းတောင်သူများက ဗီနိုင်းများကိုင်ဆောင်ကာ မြို့လယ်မှာ လမ်း လျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တောင်သူလယ်သမားတွေဆန္ဒပြတဲ့အပေါ် PNO က ဘယ်လို မြင်ပါသလဲ။ ဆန္ဒပြလူထုကို PNO က ဘယ်လိုဖြေရှင်း ပေး  မလဲ ဗိုလ်မှူးကြီးခွန်လာ (ကွပ်ကဲရေးမှူး PNA အသွင် ပြောင်း ပြည်သူ့စစ်ဌာနေ) ကို သျှမ်းသံတော်ဆင့်က ယိင်းတိုင်းက တွေ့ဆုံမေးမြန်းထား ပါတယ်။

ဂျန္နဝါရီလ ၈  ရက်နေ့က တောင်ကြီးမြို့နယ်တွင် ပအိုဝ်းတောင်သူများဆန္ဒပြစဉ်

မေး ။ ။ ပအိုဝ်းတောင်သူတွေကလယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်ပြီး PNO/ PNA ကို ဆန္ဒပြတဲ့ အပေါ် ဘယ်လိုပြောချင်ပါသလဲ။
ဖြေ ။ ။ ၁၉၉၁ ခုနှစ်မှာနိုင်ငံတော်နဲ့အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ဆိုပြီး တစ်ချို့သောမြေတွေကို PNO အနေနဲ့ အသုံးချဖို့အတွက်  ယူထားတာရှိတယ် ။ ၁၉၉၁ ကနေ ၂၀၁၀ ခုနှစ်အထိ ကျေးရွာရဲ့ လိုအပ်ချက်အတွက်မြေတွေကိုယူထား တာပါ။  ကျနော်တို့ယူထားတုန်းကလည်း အဲ့ဒီ မြေတွေမှာစိုက်ပျိုးထားတာမရှိသေးဘူး။ အဲ့ဒီအချိန်တုန်းကမြေယာ တန်ဖိုးမရှိသေးဘူး။ ကျေးရွာလူထုနဲ့ ပိုင်ရှင်တွေနဲ့သေချာညှိနှိုင်းပြောဆိုပြီးရယူထားတာဖြစ်တယ်။

မေး။ ။   အခုလို ဆန္ဒပြတောင်းဆိုလာတော့  PNO ဘက်က ဘာတွေလုပ်ဆောင်ပေးဖို့ရှိပါသလဲ။
ဖြေ။ ။ PNO/PNA ကရယူ ထား တဲ့ မြေတွေဟာ ကျနော်တို့လူမျိုးနဲ့ဒေသဖွံ့ဖြိုးရေး အတွက် ရယူထား ခြင်းဖြစ်တယ်။ အခုဖြစ်ပေါ်နေတဲ့  ဒီမြေယာပြဿနာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခြေ တည်လာတဲ့ပြဿနာဖြစ်တယ်။ သူတို့တင်ပြမှုဟာ မှန်ကန်တယ်ဆိုရင် သက်သေ၊ အထောက် အထား ရှိတယ်ဆိုရင် တဖြည်း ဖြည်းချင်းကျနော်တို့ ဖြေရှင်းပေးသွားမှာပါ။

မေး ။ ။ တောင်းဆိုမှုတွေကိုရော အကုန်လုံး ဖြေရှင်းပေးမှာလား။
ဖြေ ။ ။ အရင်တုန်းက တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေကို၂၀၁၀ မတိုင်ခင်က ကျနော်တို့က သိန်းပေါင်း များစွာ အကုန်ကျခံပြီး တောတောင်တွေ ခုတ်ထွင်ရှင်းလင်းတယ်။ မြေကွက်တွေ  ကိုဖော်ထုတ် ထားပါ တယ်။ အဲ့ဒါတွေ ကို အခု သူတို့က သူတို့ပိုင်တယ်ဆိုပြီးဆန္ဒတွေဘာတွေပြတယ်။ ကျနော်တို့ဘယ်လို ဖြေရှင်းပေးရမလဲ တော်တော်ခဲယဉ်းပါတယ်။ တစ်ချို့မြေတွေကကျနော် တို့နဲ့မသက်ဆိုင်ပါဘူး။ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ မြေတွေလဲရှိပါတယ်။ အဲတာတွေကော် ဘယ်လိုလုပ်မလဲ။

မေး ။ ။ ဒီဆန္ဒပြပွဲ လာဖို့အတွက် တစ်ချို့ရွာက တောင်သူလယ်သမားတွေ PNA တပ်ဖွဲ့ကတားဆီး တယ် ၊ မြေယာ ကိစ္စနဲ့ပတ်သက်လို့လည်း PNA  ကလက်နက်နဲ့ခြိမ်းခြောက်မှုတွေရှိတယ်လို့ ရွာသားတွေ ကပြောပါတယ်။ အဲဒီအပေါ် ဗိုလ်မှူး အနေနဲ့ဘာများပြောချင်ပါလဲ ။
ဖြေ ။ ။ PNA ကတကယ် တားဆီးခဲ့မယ်ဆိုရင် ဒီသတင်းကခင်ဗျားတို့ဆီရောက်မှာတောင်မဟုတ်ဘူး။ တားဆီးမှုမရှိခဲ့လို့ပဲ သူတို့ဒီကိုရောက်လာတယ်လို့ ကျနော်ယူဆပါတယ် ။ PNA ကတားဆီးပါတယ် ဆိုတဲ့ သတင်း ကျနော်တို့ဆီမရောက်သေးဘူး။  ကျနော်တို့တပ်ဖွဲ့ က တားမြစ်စစ်ဆေး ခြိမ်းခြောက်တာ တကယ် ခံရ တယ်ဆိုရင် အထောက်အထား နာမည် နဲ့တကွ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အရပ် ဒေသကဖြစ် တယ်ဆိုတာကို ပြောပြပါ ။ ကျနော်တို့ သေချာစီစစ်ပြီး ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ကျနော်တို့ သွန်သင် ဆုံးမမှာပါ ။ ကြားရုံ၊ ထင်ရုံ ကလေးလောက်နဲ့လာပြောကြမယ်ဆိုရင် ကွဲလွဲမှုတွေရှိလာနိုင်ပါတယ် ။

မေး ။ ။ အကြောင်းအမျိုးမျိုးကြောင့်  သိမ်းဆည်းထားတဲ့မြေ ဧကပေါင်းဘယ်လောက်ရှိပါသလဲ။ ဧကပေါင်းတစ်သောင်းဝန်းကျင်ရှိတယ်လို့ တောင်သူတွေကပြောကြပါတယ်။
ဖြေ ။ ။ မရှိပါဘူး၊ မရှိနိုင်ပါဘူး တစ်ချို့ကလဲငြိမ်းချမ်းရေးကာလ စစ်အစိုးရလက်ထက်လောက်က ကျနော်တို့ မစိုက်ပျိုးနိုင်လို့ပြန်အပ်လိုက်တာတွေလည်းအများကြီးရှိပါတယ်။ ကျနော်တို့လက်ထဲမှာ ဧက သုံးလေးရာထက်မပိုပါဘူး။

မေး ။ ။ PNO/PNA တွေဟာ ပအိုဝ်းလူမျိုးအချင်းချင်း မရပ်တည်ပေးကြဘူးလို့ ပအိုဝ်းတောင်သူ တွေပြောတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။
ဖြေ ။ ။ ၂၀၁၅ အတွက်ပါတီကြီးတစ်ခုက ပါတီတစ်ခုကို နည်းလမ်းတစ်ခုခုနဲ့တိုက်ခိုက်နေတယ် လို့ ကျနော် ယူဆ ပါတယ်။ ဒီကနေ့ သျှမ်းပြည်မှာလယ်ယာမြေတွေကို PNO/PNA  ကဘဲသိမ်းနေတာလား။ လယ်ယာမြေပြဿနာက  ဌာနပေါင်းစုံ ၊ တပ်မတော်ဆို လည်းတပ်မတော်အလိုက် အစိုးရဌာနတွေလည်း ဌာနအလိုက် အများကြီးသိမ်းဆည်းထားတဲ့မြေတွေရှိပါတယ်။ တထစ်ရှိ ဘာ ကြောင့်များ PNO/PNA ကိုဘဲ ပြောနေကြတာလဲ။  ၂၀၁၅ မှာ PNO ရွေးကောက်ပွဲမအောင် အောင် သိက္ခာချမှုတစ်ခုလို့ ယူဆပါတယ် ။ စည်းလုံးညီညွတ်မှု ရှိနေတဲ့အနေအထားကိုပြိုကွဲအောင် လုပ်နေတယ်လို့မြင်ပါတယ်။ မြေယာကို အကြောင်းခံပြီး ပါတီကြီးတစ်ခုက နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ မြင်ပါတယ်။

မေး ။ ။  ဘယ်ပါတီဖြစ်နိုင်မလဲ။နိုင်ငံရေး အကျိုးအမြတ်ထုတ်တယ်လို့ ဗိုလ်မှူးအနေနဲ့ ယူဆထားတဲ့ အပေါ် ဘယ်လိုတုန့်ပြန်ဖြေရှင်းမလဲ။
ဖြေ ။ ။ ဘယ်ပါတီဆိုတာကိုတော့ ကျနော်တို့အတိအကျ မပြောနိုင်သေးပါဘူး။ ပါတီမှာ တာဝန်ရှိတဲ့ ခေါင်းဆောင်ပိုင်း အမှန်တကယ်လူထုတွေကို ဦးဆောင်နေတဲ့ ကျေးရွာခေါင်းဆောင်တွေနဲ့ ကျနော်တို့တိုင်ပင်ပါဦးမယ် ။ အခု ဆန္ဒပြပွဲကို ဦးဆောင်တဲ့သူတွေက NLD ပါတီကတောင်ကြီး ခရိုင်ဥက္ကဌ နဲ့ ၈၈ မျိုးဆက်သစ်က လူတွေလို့ကျနော်သိရတယ်။ သူတို့တွေက ပအိုဝ်းမဟုတ်ပါဘူး ။ ကျနော်တို့ ပအိုဝ်းကံကြမ္မာကို ကိုယ့်ဖာသာကိုယ် ဖြေရှင်းပါရစေ ။အခြားသော မည်သည့် ပရောဂ ဝင် ရောက်တာကို ကျနော်တို့လက်မခံနိုင်ပါဘူး ။

 PNA  ပအိုဝ်းအမျိုးသားတပ်မတော်ဟာ   ၁၉၉၁ ခုနှစ်ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ် လက်အောက်မှာ အသွင်ပြောင်းပြည်သူ့စစ် ဆိုပြီး ဖွဲ့စည်း ထားပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  PNO  ဟာ ၂၀၁၁ ခုနှစ်မှစတင်ဖွဲ့စည်းပြီး ပအိုဝ်းအမျိုးသားပါတီအဖြစ်ရပ်တည်ခဲ့ပါတယ်။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates