PNO ရုံးရှေ့ ဆန္ဒထုတ်ဖော်ခွင့်ရထားသော လယ်သမားများအား မြို့နယ်ရဲတပ်ဖွဲ့က ပိတ်ပင်ကန့်ကွက်
ဂျန္နဝါရီလ ၈ ရက်က မြေယာများပြန်လည်ရရှိရေးအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ရုံးရှေ့ သွားရောက် ဆန္ဒပြမည့် ပအိုဝ်း တောင်သူလယ်သမားများအား မြို့နယ်ရဲတပ်ဖွဲ့က ပိတ်ဆို့တားမြစ်ကြောင်း ဆန္ဒပြသမားများကပြောဆိုသည်။
တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံ မှ (PNO) ရုံးချုပ်အထိ ( PNO/PNA) မှအဓမ္မသိမ်းဆည်း လယ်မြေများ အမြန်ဆုံးဖြေ ရှင်းပေးဟူသော ဗီနိုင်းကိုင်ဆောင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ရန်အတွက် ဆန္ဒပြတောင်သူ လယ်သမားများ က ဂျန္နဝါရီလ ၆ ရက်ကတည်းက အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော်လည်း ဆန္ဒပြသည့်ဇန်နဝါရီ (၈)ရက်နေ့တွင် မြို့နယ်မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့တို့ ကန့်သတ် ပိတ်ပင်လိုက် ခြင်းဖြစ်သည်။
ဆန္ဒပြ တောင်သူလယ်သမားများကိုင်ဆောင်သော ဗီနိုင်းတွင် ပါသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟူသည့် စာတန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးက စာရွက်ဖြူများဖြင့် ပိတ်ဖုံးလိုက်ပြီး ( PNO) ရုံးချုပ် သို့သွားမည့် လမ်းကြောင်းကိုလည်း တားဆီးပိတ်ဆို့ကြောင်း (NLD)တောင်ကြီးခရိုင်ဥက္ကဌ ဦးတင်မောင်တိုး ကရှင်းပြသည်။
“ ဆန္ဒပြနေကြတဲ့လူတွေဟာ မြေယာသိမ်းခံရပြီး ဆုံးရှုံးနစ်နာနေတဲ့ တိုင်းရင်းသားပြည်သူတွေပါ။ မြန်မာနိုင်ငံသား စစ်စစ် တွေပါ ။ တရားဥပဒေ အကာအကွယ်ကို ရသင့်ရထိုက်တဲ့ ဆုံးရှုံးနစ်နာနေတဲ့ ကျနော်တို့တိုင်းရင်း သားပြည်သူတွေက မရပဲ မြေယာကိုဥပဒေမဲ့သိမ်းဆည်းထားတဲ့လူတွေကို တရားဥပဒေ ဆိုပြီး အကာအကွယ် ပေးနေပါတယ် ” ဟု ၄င်းကဆက် လက်ပြောကြားသည်။
ယင်းတားမြစ်ကန့်သတ်ခြင်းနှင့်ပတ်သက်၍ တောင်ကြီးမြို့နယ်မှူးအား မေးမြန်းခဲ့ရာ PNO ၏ညွှန်ကြားခြင်း တောင်းဆိုခြင်း မဟုတ်ကြောင်း ၊ ပြန်လည်စီစစ်ချက်အရ ပိတ်ဆို့ရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အလားတူ ဗိုလ်မှူးကြီးခွန်လာ (PNA အသွင်ပြောင်းပြည်သူ့စစ်- ဌာနေ ကွက်ကဲရေးမှူး) ကလည်း ဆန္ဒပြ မှုအား ပိတ်ဆို့ရန် တားဆီးရန် အာဏာပိုင်များထံ ဆက်သွယ်တောင်းဆိုခြင်းမပြုရကြောင်း ဖြေကြားခဲ့ပါသည်။
Tags: Human Right, News

