သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များ ခိုကိုးရာမဲ့နေ



တအာန်းတပ်မတော် TNLA လှုပ်ရှားရာ သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးသောတိုက်ပွဲများကြောင့် စစ်ဘေးရှောင် လူထုအခက်အခဲများရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။





ကွတ်ခိုင်မြို့ နမ့်ခမ်းမြို့ စစ်ဘေးရှောင်စခန်းများတွင်ရောက်ရှိနေသူ တချို့မှာ စားဝတ်နေရေးအခက်အခဲကြောင့် တရုတ်ပြည်သို့သွားရောက်အလုပ်လုပ်ကြရကြောင်း နိုင်ငံခြားရေးဌာနမှူး တာပန်းလ က ပြောသည်။


“စစ်ဘေးရှောင်စခန်းကိုမရောက်ဘဲနဲ့ တောထဲမှာဘဲ ရွာပုန်းရွာရှောင်ဘ၀နဲ့ နေနေရတဲ့ လူထု သောင်းဂဏန်း ရှိနေပါတယ်။ နမ့်ခမ်းမြို့ ကွတ်ခိုင်မြို့ စစ်ဘေးရှောင်စခန်းတွေမှာသွားပြီးခိုလှုံနေကြတာတွေလည်း အများအပြားရှိကြပါတယ်။ အဲဒီမှာလည်း အနေအထိုင်အစားအသောက်လုံလုံလောက်လောက်မရှိ  လို့ တရုတ်ပြည် တွေမှာ သွားပြီး အလုပ်လုပ်နေကြရတယ်လို့ ကြားသိရပါတယ်။”


ဖေဖော်ဝါရီလ ပထမပတ် ၂ ရက်နေ့မှ  ၅ ရက်နေ့အထိ မိုးမိတ်နှင့် မိုးကုတ်မြို့ကြား မိုးကုတ်နှင့် ၇ မိုင်ခန့်အကွာ ရှိ ပန်ထီလာရွာ ရွှေညောင်ပင်ရွာ  ဝင်ကဘာတောင် တို့တွင် ဘိန်းခင်းဖျက်ဆီးရန်ကွင်းဆင်းသော တအာန်းတပ်မ တော်နှင့်  မိုးမိတ်အခြေစိုက် ခလရ ၂၂၃ တို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။


တိုက်ပွဲတွင်  အစိုးရဘက်က ဟယ်လီကော်ပတာ၊ ဂျက်လေယာဉ် တိုက်လေယာဉ်များဖြင့် တအာန်းတပ် မတော်၏ တပ်စခန်းရှိရာသို့ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ လက် ရှိတွင် အစိုးရစစ်တပ်အင်အား ၆၀၀ ခန့်သည် အဆိုပါဒေသတွင် တပ်ချထား သည်ကိုတွေ့ ရ အောင် တာပန်းလ ကပြောသည်။


“အစိုးရဘက်ကရော အစိုးရအဖွဲ့ဘက်ကရော တပြည်လုံးအပစ်အခတ်ရပ်စဲရေးဖြစ်စေချင် တယ်လို့ကျနော်တို့ ခဏခဏကြားရပါတယ်။  သို့ပေမယ့်အစိုးရရဲ့လောလောဆယ် လုပ်ဆောင်နေမှုက အဲဒီနိုင်ငံရေး ပြသနာကို စစ် ရေးအရ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ကျနော်တို့တွေ့မြင်ရတယ်။ နောက်တခုကလည်း အခုလုပ်ဆောင်နေမှု တွေဟာ အရင်တုန်းက န၀တ နအဖ အစိုးရလုပ်ဆောင်နေတဲ့အတိုင်းဘဲရှိနေသေးတယ်လို့ အဲလိုမြင်  ပါတယ်။”


NCCT အဖွဲ့ဝင် TNLA တအာန်းတပ်မတော် သည်  ၂၀၁၃ ခုနှစ် ကတည်းက အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် တရားဝင် တကြိမ်တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးလက်မှတ်ရေးထိုး ခဲ့ခြင်းမရှိသေးပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates