RCSS ဥက္ကဌအား အနာဂတ် သျှမ်းပြည် ခေါင်းဆောင် ဖြစ်ရေး PNO ပအိုဝ်း ခေါင်းဆောင် မျှော်လင့်
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် တောင်ကြီးခရိုင်အတွင်း ဒေသခံလူထုအား သွားရောက်လည် ပတ်စဉ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ နှင့်လည်း တွေ့ဆုံသည်။
![]() |
RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်လည်ပတ်စဉ် |
![]() |
RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်လည်ပတ်စဉ် |
“သျှမ်းခေါင်းဆောင်က ပအိုဝ်းဝတ်စုံဝတ်ပြီး ကျနော်တို့ဒေသကိုလာလည်လို့ ကျနော်တို့ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဘိုးဘိုး ဦးအောင်ခမ်းထီလဲ တော်တော်လေး ဝမ်းသာတဲ့ပုံဘဲ။ ဦးယွက်စစ်ကို သူပြောတာက အသက်လဲငယ် သေးတယ်။ ယဉ်ကျေးပျူငှာ ဆက်ဆံတတ်တယ်။ သျှမ်းပြည်နယ်အရေး၊ ပြည်ထောင်စု အရေး လက်တွဲ လုပ်ဆောင်ရအောင်တဲ့။ နောက်ပြီး အနာဂတ် သျှမ်းပြည်နယ် ခေါင်းဆောင်ဖြစ်လာဖို့ လဲ ဘိုးဘိုးက မျှော်လင့်တယ်တဲ့” - ဟု ခရီးစဉ်တွင် လိုက်ပါသည့် ခွန်ခမ်းက ပြောသည်။
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စ၍ ယနေ့ အထိ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် အဖွဲ့သည် ယမန်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ကျောက်တလုံးမြို့ရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီ နေအိမ်သို့လည်းရောက်ရှိကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ခွန်စံလွင် ကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း ပအိုဝ်းလူငယ် ခွန်ခမ်း က ပြောသည်။
ဖေဖေါ်ဝါရီ ၁၈ ရက် သီကျစ်၊ ပင်လောင်း ခရီးစဉ်တွင်သော်လည်းကောင်း၊ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ပင်လုံ ခရီးစဉ်တွင်လည်းကောင်း RCSS ခေါင်းဆောင် လိုအပ်ချက်များ ရှိပါက အကူအညီပေးနိုင်ရန် PNO အဖွဲ့လိုက်ပါ ပို့ဆောင်မည်ဖြစ်ကြောင်း RCSS/SSA အတိုင်ပင်ခံ စဝ်ပင်ခမ်းက ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်၏ သျှမ်းပြည် ခရီးစဉ်သည် ယခု ဒုတိယ အကြိမ် ခရီးစဉ်ဖြစ်သည်။
ပအိုဝ်းအမျိုးသားတို့တွင် ဦးအောင်ခမ်းထီ ခွန်စံလွင် ဦးဆောင်သည့် ပြည်သူ့စစ်အသွင်ပြောင်း လက်နက်ကိုင်တပ်ဖွဲ့ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပါတီ) ဟူ၍ရှိသည်။ ထို့အပြင် ပြည်သူ့စစ် အသွင်မပြောင်းဘဲ ဦးသိန်းစိန်အစိုးရ နှင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် ခွန်ဉက္ကာ၊ ခွန်မြင့်ထွန်း၊ ခွန်တီဆောင် နှင့် ခွန်သူရိန်ဦးဆောင်သည့် PNLO အဖွဲ့လည်းရှိသည်။
Tags: News, politic