မိုင်းယန်းအထိနယ်ကျွံသည့်တရုတ်ကား ၄ စီး ၄ ရက်ကြာထိမ်းသိမ်းခံရ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင်းယန်းမြို့သို့ နယ်ကျွံရောက်ရှိ လာသည့် တရုတ်ကား ၄ စီးအား မြန်မာအစိုးရ ဒေသတွင်းအာဏာပိုင်က ၄ ရက်ကြာ ထိန်း သိမ်းထားရာမှ ပြန်လွှတ်ပေးကြောင်း ကြားသိရသည်။
မတ်ခ်ျ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ် နှင့် သျှမ်းပြည်နယ်စပ် မိုင်းဖျန် - ဟိုတောဝ်း မှ တဆင့် လမ်းမှားကာ မိုင်းယန်းမြို့သို့ရောက်ရှိလာသော တရုတ်နိုင်ငံ နံပါတ်ပြားပါ ကား ၄ စီးမှာ UWSA ထိန်းချုပ်နယ်မြေအလွန် မိုင်းယန်းမြို့ ဌာနပေါင်းစုံ ဂိတ်၌ ထိန်းသိမ်းခြင်း ခံရသည်ဟုဆိုပါသည်။
မတ်ခ်ျ ၂၃ ရက် နံနက် ၁၀ နာရီမှသာ အဆိုပါကားများအား မြန်မာအစိုးရဘက်မှ ပြန် လွှတ်ပေးလိုက်သည်ဟု မိုင်းပေါက်ဒေသခံ ဦးအိုက်နပ်က ပြောသည်။
“ကားက ၄ စီး။ ၆ ဘီးကား ၂ စီး၊ ၁၀ ဘီးကား ၂ စီး။ မိုင်းလား အထူးဒေသ ၄ ဘက်သွား မယ်လို့ပြောတယ်။ လမ်းမှားပြီး ဒီဘက်ကို ရောက်လာတာ။ ခါလီကား။ ဘာမှ ပါမလာဘူး။ နယ်မြေခံ ထောက်လှမ်းရေးကူညီပေးမှုနဲ့ လွတ်ပေးလိုက်ပြီ” - ဟု ကျိုင်းတုံရောက် အမည် မဖေါ်လိုသည့် ဝန်ထမ်း အသိုင်းအဝိုင်းကပြောသည်။
သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ အဆိုပါ ကားများသည် ပန်ဆန်း ဝ ဌာန ချုပ်အတွက် အလုပ်လုပ်ပေးရန် လူရောကားပါ အငှားလိုက်သည့် ကားများ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တိုက်ရိုက်ဝင်လာသည့်ကားမဟုတ်ဘဲ ပန်ဆန်းမှ တဆင့် ရွှေတြိဂံဘက်မှ ဝင်လာသည့် ပစ္စည်းများသယ်ယူရန် အထူးဒေသ ၄ ဘက် ဆင်းလာခြင်းဖြစ်ကြောင်းပြော သည်ဟုဆို၏။
မိုင်းဖျန် နှင့် ဟိုတောဝ်းသည် ၀ အုပ်ချုပ်ရေးစနစ်တွင် မြို့နယ်အဆင့်ထားရှိပြီး၊ မိုင်းပေါက် မှာမူ ခရိုင်အဆင့် ထားရှိသည်။ သို့သော် မြန်မာအစိုးရ အုပ်ချုပ်ရေးစနစ်တွင် မိုင်းပေါက် အပါဝင် မိုင်းဖျန် ၊ ဟိုတောဝ်း အား မိုင်းယန်းမြို့လက်အောက်ခံ မြို့နယ်အဆင့် ထားရှိ သည်။
Tags: Crime, News


