လားရှိုးမြို့က ကိုးကန့်လင်မယား အဆိပ်သောက်သေဆုံး



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ အဆိပ်ခတ်ထားသောအရက် သောက်မိသည့် ကိုးကန့် လူမျိုး လင်မယား သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ- ဆေးရုံရောက်မှသေဆုံးသည့်ဇနီးဖြစ်သူနှင့် နေအိမ်ကတည်းက သေဆုံးသည့်ခင်ပွန်းဖြစ်သူတို့၏ပုံ

မတ်ခ်ျလ ၂၅ ရက်နေ့ ညနေပိုင်း လားရှိုးမြို့ ရက်ကွက် (၁) ကျောက်တောင်အပိုင်း၌ နေထိုင်သည့် အသက် ၆၂ နှစ်ရှိ အမျိုးသားနှင့် အသက် ၃၃ နှစ်ရှိ မြန်မာအမျိုးသမီး တို့လင်မယားသည် အဆိပ်ခတ်ထားသည့် အရက်အား သောက်ကာ ပျော်ပွဲစားသည့် အတွက် လင်မယား နှစ်ဦးလုံး သေဆုံးသွားသည်။

“သူ့ယောက်ကျားက လောက်ကိုင်မှာအလုပ်သွားလုပ်တယ်။ ဒီလ၂၄ ရက်နေ့ မှာလားရှိုးမြို့ ကိုပြန်လာတာ။ ၂၅ ရက်နေ့ ညနေပိုင်းတော့ သူတို့အိမ်မှာဘဲ အရက်ထိုင်သောက်ကြတယ် ။ ခရီးက ပြန်လာရင် ဒီတိုင်းဘဲ သောက်နေကြ သူတို့ လင်မယားက။  ” - ဟု အိမ်နီးနားချင်း တဦးက ပြောသည်။

၎င်းကိုယ်တိုင် အရက်အိုးအတွင်း အဆိပ်ခတ်ထားသည့်အဆိုပါ ကိုးကန့်အမျိုးသားက အရက်ပို သောက်သဖြင့် နေအိမ်မှာပင်သေဆုံးကြောင်း၊  နောင်ဘ၀တွင် ထပ်မံ ဆုံတွေ့ဖို့ အတွက် ထိုသို့ လုပ်ရခြင်းဖြစ်ကြောင်း၊ ၎င်းအားခွင့်လွတ်ပေးပါရန် တောင်းပန် သွားကြောင်း၊ မသေခင်ခင်ပွန်း သည်က တောင်းပန်သည်ဟုလည်း ဇနီးဖြစ်သူက သက်မပျောက်ခင်  ပြောပြသွား သည်ဟု ဆေးရုံရောက် မျက်မြင်တဦး က ပြောသည်။

“သူတို့သောက်တဲ့ အရက်ထဲမှာ အဆိပ်ပါတယ်။ အဲဒါ သူ့မိန်းမ ကမသိဘူးတဲ့။ သူတို့မှာ ကလေးနှစ်ယောက်ရှိတယ်လို့ကြားတယ်”  ဟု ကျန်းမာရေးထမ်းတစ်ဦးက ပြောသည်။

အဆိပ်သောက်သေဆုံးသွားသည့် လင်မယားသည် အမျိုးသားဖြစ်သူမှာ  တိုက်ပွဲဖြစ်ပွား နေ သည့် ကိုးကန့်ဒေသဘက် စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ တဦးဖြစ်ကြောင်း၊   ဇနီးသည်ကမူ မေမြို့(ပြင်ဦးလွင်)က မြန်မာ အမျိုးသမီး ဖြစ်ကြောင်း၊ ၎င်းတို့သေဆုံးမှုသည် ကိုးကန့်အရေး အခင်းနှင့် သက်ဆိုင်သည် မဆိုင်သည်ကိုတော့ မသိရကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းက ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates