ပင်မ ကျောင်းသား သပိတ်အား အကြမ်း မဖက်ရန် သျှမ်းပြည် ကျောင်းသား သမဂ္ဂမှ တောင်းဆို ဆန္ဒပြ



ပင်မကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွင်းခြင်းမပြုရန်နှင့် ငြိမ်းချမ်းစွာချီတက်သည့် သပိတ်စစ်ကြောင်း ဖြစ်သည်နှင့်အညီ ရန်ကုန်မြို့တွင်း ၀င်ခွင့်ပြုရန် အစိုးရအား သျှမ်းပြည်ကျောင်းသားသမဂ္ဂမှ ဖိအားပေးတောင်းဆို လိုက်ပါသည်။

 တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံထဲတွင် သျှမ်းပြည်ကျောင်းသားသမဂ္ဂ မှ တောင်းဆိုဆန္ဒပြစဉ်

 “ ငြိမ်းချမ်းစွာ ချီတက် တောင်းဆို နေသော ကျောင်းသား များကို အကြမ်းဖက်တားဆီးခြင်းမပြုရန်၊ သျှမ်းပြည် နိုင်ငံရေးအင် အားစုမှ အလေးအနက် တောင်းဆိုသည်။ ယခုလက်ရှိ မြန်မာနိုင်ငံပညာရေး မကောင်းမှန်း လူတိုင်းလက်ခံသည်။ ကျောင်းသားများ တောင်းဆိုသည့်ပညာရေးဥပဒေ အကျိုးရှိမှန်း လူတိုင်း လက်ခံ သဘောပေါက်သည်။ ပွင့်လင်းစွာ ထောက်ခံမှု မပြုနိုင်သေးခြင်းမှာ အကြောက်တရားများ ရှိနေသေး သောကြောင့် ဖြစ်သည်။ ကျောင်းသားများအား ထောက်ခံသည်။ ပြည်သူ့ရင်သွေးကျောင်းသားများအား ဖြိုခွင်းမည့် အကြံ လုံးဝလက်မခံ ။ သပိတ်ကျောင်းသားများအား တားဆီးခြင်းမပြုရ ပြည်သူ့ဆန္ဒ ”  စသည့် ဆောင်ပုဒ်များ ကိုင်ဆောင်လျက် မတ်ခ်ျလ ၄ ရက် ယနေ့မနက်ပိုင်းက တောင်ကြီးမြို့ ၊ ဗိုလ်ချုပ်ပန်းခြံထဲတွင် သျှမ်းပြည်နယ် နိုင်ငံရေး အင်အားစုနှင့် သျှမ်းပြည် ကျောင်းသား သမဂ္ဂ မှ တောင်းဆို ဆန္ဒပြ ခဲ့ကြောင်း သိရသည် ။

“ ကျနော်တို့ သျှမ်းပြည်ကျောင်းသားသပိတ်အနေနဲ့ ပင်မသပိတ်တွေဆီ သွားဖို့ရှိမယ် ။လှုပ်ရှားမှုတွေကို ဒီထက် အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်သွားမှာပါ။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ရပ်တည်ခွင့်ရဖို့အချိန်အထိနဲ့ ဒီပညာရေးစနစ်တွေ ကောင်းမွန်စွာ အခြေပြုနိုင်တဲ့အထိ ကျနော်တို့လှုပ်ရှားသွားဖို့  ရည်ရွယ်ထားတာပါ ” ဟု သျှမ်းပြည်ကျောင်းသားသပိတ်ခေါင်းဆောင် ၀င်းနိုင်ဦးက ပြောသည် ။

 တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံထဲတွင် သျှမ်းပြည်ကျောင်းသားသမဂ္ဂ မှ တောင်းဆိုဆန္ဒပြစဉ်
ကျောင်းသားသပိတ်နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ (၁၉) ရက်နေ့ထုတ်  စံတော်ချိန်သတင်းဂျာနယ်တွင် “ ဒေသခံကျောင်း သားများ မပါဝင်သည့် တောင်ကြီးသပိတ်စစ်ကြောင်းပေါ်ထွက် ” ဟူသည့် သတင်း ခေါင်းစဉ် ပါခဲ့သည်။

၎င်းနှင့် ပါတ်သက်၍ သျှမ်းပြည်ကျောင်းသားသပိတ်ခေါင်းဆောင် ၀င်းနိုင်ဦးက  “ စံတော်ချိန် သတင်းဂျာနယ်မှာ ပါတဲ့ကိစ္စ က သျှမ်းပြည်ကျောင်းသားသမဂ္ဂ ရဲ့ဂုဏ်သိက္ခာကိုညှိုးငယ် စေတယ် ။ ဒီမှာရှိတဲ့ပြည်သူ တွေရဲ့ တကယ်ထောက်ခံ အား ပေးတဲ့ရလာဒ်က သတင်းဂျာနယ်တစ်ခုက သတင်းမှားယွင်းဖော်ပြတဲ့အတွက်  တာဝန် ယူမှုတော့ ရှိရမယ် ။ နောက် ဒီလို မဖြစ်အောင် ပြန်လည်စီစစ်ဖို့ လိုမယ်လို့ ထင်တယ်။ ” ဟု ၄င်းက ပြန်လည်ဖြေကြားခဲ့သည် ။

ထို့အပြင် ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် တောင်ကြီးတက္ကသိုလ် ကျောင်းရှေ့တွင် သျှမ်းပြည်နယ် ကျောင်းသား သမဂ္ဂမှ ကျောင်းသား များဒီမိုကရေစီ သပိတ်အား ထောက်ခံဆန္ဒပြခဲ့ပြီးသည့်နောက်ပိုင်း မတ်လ(၁)ရက် နေ့တွင် စံတော်ချိန် သတင်းဂျာနယ်နှင့် ပါတ်သက်၍ အချက်(၆) ချက်ပါ သဘောထားကြေညာချက်ကို သျှမ်းပြည် ကျောင်းသား သမဂ္ဂက ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates