ဖုန်ကြားရှင်းအဆက်ဟုဆိုကာ ရန်ကုန်ရောက် ကိုးကန့်စီးပွားရေးသမားတဦးအသတ်ခံရ



ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်း ဆိုသူအား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ စရဖ ကခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသည်ဟု သိရသည်။

 စရဖ ကခေါ်ယူ စစ်ဆေးရာမှ သေဆုံးသွားသူ ရန်ကုန်မြို့နေ စီးပွားရေးလုပ်ငန်းရှင် ဦးလှဝင်း ခေါ်  လီကော်ကွန်း

ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က မင်္ဂလာဆောင်ပွဲမှအပြန် ၎င်းအားရုံးသို့ ခေတ္တလိုက်ရန် စရဖ တပ်ဖွဲ့က ခေါ်ဆောင်သွားပြီးနောက်ပိုင်းမိသားစု နှင့် ၁၁ ရက်ကြာ အဆက်သွယ်ပြတ်သွား ခဲ့သည်ဟုဆိုသည်။

မတ်ခ်ျလ ၅ ရက်နံနက်ပိုင်းမှ စရဖ တပ်ဖွဲ့က ၎င်းမိသားစုထံ   မင်္ဂလာဒုံစစ်ဆေးရုံ၌ ဦးလှဝင်း သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားသည်ဟု အမည်မဖ်ါလိုသူ ရန်ကုန်မြို့ နေ တရုတ်အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ဦးလှဝင်းဟာ ဖုန်ကြားရှင်းအဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ။ လျှို့ဝှက်ထောက်ပံ့မှုတွေ ပေးနေ တယ် စသဖြင့် စရဖ ဖက်ကစွပ်စွဲတယ်။ ဖမ်းဆီးရိုက်နှက်စစ်ဆေးတယ်။ မျက်နှာက စုတ်ပြတ် နေတယ်။ ဝမ်းဗိုက်မှာလည်း ဒဏ်ရာ ဒဏ်ချက်တွေနဲ့။  မတ်ခ်ျလ ၄ ရက်နေ့မှာ ဆုံးတယ်လို့သူတို့ပြောတယ်” - ဟု အဆိုပါတရုတ်ကြီးက ပြောသည်။

ဦးလှဝင်းအား မတ်ခ်ျ ၆ ရက်နေ့က မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း၊ မိသားစုဝင်များအား လည်း  အသုဘသို့ ဝင်ရောက်ခွင့်မပေးကြောင်း၊ ကိုးကန့်ယဉ်ကျေးမှု အသင်းမှ ၃ ဦး သာ တက်ခွင့်ပြုကြောင်း ကိုးကန့်ယဉ် ကျေးမှု အသင်းဝင် တဦးက ပြောသည်။

“ဦးလှဝင်းက ကျနော်တို့ နဲ့ မသက်ဆိုင်ဘူး။ နိုင်ငံရေးကအစ စီးပွားရေးအဆုံး ဘာတခုမှ သက်ဆိုင်တာ မရှိဘူး၊ သူ့ဟာသူဘဲစီးပွားရေးလုပ်နေတယ်။ ဒီသတ်ဖြတ်မှုက မတရားမှုပဲ။ မြို့ပေါ်မှာ သတ်ဖြတ်ခံရတဲ့ ကိစ္စ၊ လောက်ကိုင်မှာ သတ်ဖြတ်ခံရတဲ့ကိစ္စတွေ။ စုံစမ်းစစ်ဆေး ပေးဖို့ လိုအပ်ပါတယ်” - ဟု ဖုန်ကြားရှင်း တပ်ဖွဲ့ အမည်ရ MNDAA ပြောခွင့်ရ ဦးထွန်းမြတ် လင်းကပြောသည်။

ဦးလှဝင်း ခေါ်  လီကော်ကွန်း (Li Guoquan) သည် ကိုးကန့်ယဉ်ကျေးမှုအသင်း ဒုတိယ ဥက္ကဌ (ဟောင်း) ဖြစ်ခဲ့ပါသည်။  ၎င်းသည် မြန်မာနိုင်ငံ၏ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အသင်းတွင်လည်း ပါဝင်သည်။

ဦးလှဝင်းတွင် ဇနီးသည်နှင့် သား တဦး၊ သမီး နှစ်ဦး၊ အသက် ၈၀ ကျော် မိခင်တို့ ကျန်ရစ်သည်ဟု သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates