တောင်ကြီးမြို့တွင် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပ
တောင်ကြီးမြို့ ၊ ရေအေးကွင်းရပ်ကွက်ရှိ ဟုတ်ကြန့်တရုတ်ဘုံကျောင်း ခန်းမတွင် အပြည်ပြည်ဆိုင်ရာအမျိုး သမီးများနေ့အခမ်းအနားကို သျှမ်းပြည်နယ်ရှိ အမျိုးသမီးများကွန်ရက်အသီးသီး၊ အမျိုးသမီးအဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်း၍ မတ်ခ်ျလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ ပါသည် ။
ယင်းအခမ်းအနားသို့ သျှမ်းပြည် တောင်ပိုင်းရှိ သျှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်း ၊ ပလောင်၊ ကယန်း စသည့် တိုင်းရင်း သူအမျိုးသမီး အဖွဲ့အစည်းများ ၊ အမျိုးသမီးလွှတ်တော် အမတ်များ လေးရာကျော်တက် ရောက်ခဲ့သည်ဟု သိရသည် ။
မြန်မာ့နိုင်ငံရေး လောကတွင် အမျိုးသမီးများပိုမိုပါဝင် လာနိုင်ရေး ၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး၊ နယ်ပယ်အသီးသီးအတွင်း အမျိုးသမီးများ ကြီးမာသော ခွန်အား တစ်ရပ်အဖြစ်ပါဝင်တည်ဆောက်လာနိုင်စေ ရေး စသည်များကိုရည်ရွယ်ကြောင်း ပွဲကျင်းပရေးကောက်မတီမှ မသန္တာဦး ကရှင်းပြသည်။
" အမျိုးသမီးတွေရဲ့နစ်နာမှုတွေ ၊အကြမ်းဖက်ခံရတာတွေ၊ လိမ်ကျွန်ပြုမှုခံရတာတွေ ၊ လူကုန်ကူးခံရမှုတွေ ခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကို ထိထိရောက်ရောက်ဖော်ထုတ်ပြီး တရားဥပဒေအရ ထိရောက်စွာ ကာကွယ်စောင့် ရှောက်နိုင်ဖို့ အကာအကွယ်တွေ လိုအပ်နေသေးတယ် " ဟု ၄င်းကဆိုသည် ။
ပြည်ထောင်စုလွှတ်တော်တွင် လက်ရှိအမျိုးသမီးပါတ်သက်၍ အမျိုးသမီးများ အကြမ်းဖက်မှု တိုက်ဖျက်ကာ ကွယ်ရေးဥပဒေ ရေးဆွဲနေကြောင်း ၊ ဗုဒ္ဓဘာသာ ၊ခရစ်ယာန် ဘာသာ အမျိုးသမီးများလက်ထပ်ထိမ်းမြားခြင်း ဥပဒေကိုလည်း ရေးဆွဲ နေကြောင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ယင်းအခမ်းအနား တွင် ရှင်းပြသည် ။
"လွှတ်တော်ထဲမှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် စွမ်းဆောင်ရည်သာ နေပါတယ် ။ ကျမတို့ အမျိုးသမီးအမတ်တွေက ပိုပြီးစည်းလုံးပါတယ် ။ အမျိုးသားတွေထက် နှစ်ဆ ပိုအလုပ်လုပ်ပါတယ်။ ဘာလို့ လည်းဆိုတော့ လွှတ်တော်ထဲမှာ အမျိုးသမီး ရာခိုင်နှုန်း အလွန်နည်းတဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ အား နည်းနေတယ် ။ ကျမတို့အမျိုးသမီးတွေကတော့ လွှတ်တော်ထဲရောက်ရင် ပါတီစွဲ ၊ ပုဂ္ဂိုလ်စွဲ ၊ လူမျိုးစွဲ တွေဆိုတာမရှိတော့ဘူး ကိုယ့်အဆိုအောင်မြင်ဖို့အဓိကပဲ " ဟု ပြောသည် ။
၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၄င်းတို့၏ အလုပ်ချိန်များလျှော့ရေး၊ လစာတိုးပေးရေးနှင့် မဲပေးခွင့်ရရှိရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ အပြည် ပြည်ဆိုင် ရာ အမျိုးသမီးများနေ့ အစပြုခြင်းဖြစ်သည်။ ၁၉၁၀ ခုနှစ်ရောက်သော် ကိုပင်ဟေဂင်မြို့တွင် အပြည်ပြည် ဆိုင်ရာ လုပ်ငန်းခွင်မှ အမျိုးသမီးများ ညီလာခံဒုတိယအကြိမ်ကျင်းပခဲ့သည်။ ညီလာခံတွင် ဂျာမနီနိုင်ငံ ဆိုရှယ် လစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ကလဲရာဇတ်ခင် (Clara Zetkin) က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား တကမ္ဘာလုံး တစ်ရက်ထဲသတ်မှတ် ကျင်းပ သွားရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများအား တောင်းဆိုကြရန်အတွက် တင်ပြဆွေးနွေးရာ ညီလာခံ တက်ရောက်သူများအားလုံးမှာ ကန့်ကွက်သူမရှိ သဘောတူခဲ့ကြသည်။
ပထမဆုံး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ၁၉၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့ တွင် ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စ၍ မတ်လ ၈ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Tags: General, News


