ငြိမ်းချမ်းရေးအတွက်သဘောတူညီမှုရသော်လည်း သျှမ်းပြည်မြောက်ပိုင်း၌စစ်အင်အားတိုးဖြည့်နေ



တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုလက်မှတ်ရေးထိုးရန် မူကြမ်းအား သဘောတူညီမှု လက်မှတ် ရေး ထိုး လိုက်သော်လည်း သျှမ်းပြည်မြောက်ပိုင်း၌ အစိုးရတပ်မတော် စစ်ယာဉ်တန်းများ သံချပ်ကာကားများ၊ တင့်ကားများ ဆက်လက်ပို့ဆောင်နေပါသည်။




ရန်ကုန်မြို့၌ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နိုင်ရန် စတင်ဆွေးနွေးလာနေချိန်မှ စ၍ သျှမ်းပြည် မြောက်ပိုင်းသို့ အောက်ပြည်မှ စစ်ကားများ အစိုးရတပ်မတော် ဆက်လက် ပို့ဆောင် လာနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီမှ တဆင့် UWSA ထိမ်းချုပ်နယ်မြေ မြောက်ဘက်ခြမ်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ နေ့စဉ်ဆိုသလို ဖြတ်သန်း သွားလာနေသည် ဟု ဒေသခံများက ပြောသည်။

“တနင်္လာနေ့က ဂုတ်တွင်းမှာ တင့်ကားတင်တဲ့ ကားကြီးက တိမ်းမှောက်တယ်။ နောက်ပြီး သိန္နီအသွား စံလောဝ်းနားမှာလဲ စစ်လက်နက်ပစ္စည်းတွေတင်တဲ့ စစ်ကားကြီး တစီးလဲ လမ်းမဘေး လယ်ကွင်းထဲ ထိုးကျသွားတယ်။ မြောက်ပိုင်းကို တက်သွားတာ တနေ့ ၁၀ စီးထက်မနည်းဘူး။ ကျနော်မှတ်မိတာ ၂၀ ရက်နေ့က ၃၄ စီး၊ ၂၁ ရက်နေ့ က ၃၂ စီး၊ ၂၃ ရက်နေ့က သံချပ်ကာကား ၁၀ စီးနဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကား ၄ စီး။ အဲဒီနောက်ပိုင်းလဲ ထပ်တက်လာသေးတယ်။ လက်နက်ကြီးတင်တဲ့ကားကြီးတွေလဲတွေ့တယ်”- ဟု လားရှိုး-သိန္နီလမ်းမ ပေါ်နေထိုင်သည့် ဒေသခံ ဦးမောင်ညွှန့်ကပြောသည်။

“ ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှာ သဘောတူညီမှု တချို့ရှိတယ်ဆိုပေမယ့် ကျနော်တို့ မြောက်ပိုင်း သျှမ်းပြည်မှာအစိုးရ တပ်အင်အားတိုးဖြည့်လာတာမပြီးနိုင်ဘူး။ ငြိမ်းချမ်းရေးပွဲ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ။ ဒါ့ကြောင့် ကျနော်တို့လဲ ဒီကိစ္စအပေါ် စိတ်မချ နိုင်ဘူး။ စစ်ရေးထပ်တိုးမြင့်ဖို့ဘဲရှိတယ်” - တိုင်းရင်းသား တပ်ပေါင်းစုက ဗိုလ်မှူးဆတစ် ကပြောပါ သည်။

အစိုးရ တပ်မတော်မှာ တပ်မ ၁၀ ခု ရှိသည့်အနက် သျှမ်းပြည်မြောက်အတွင်း တပ်မ ၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈ နှင့် ၉၉ စသည့် တပ်မ အင်အား ၇ ခု ပို့ဆောင်အင်အားဖြည့် လှုပ်ရှားနေသည်။

အစိုးရတပ်မတော် အင်အားဖြည့်မှုကြောင့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များဖြစ်သည့် (တောင်ပိုင်း)သျှမ်းပြည်တပ်မတော် RCSS/SSA၊ (မြောက်ပိုင်း) သျှမ်းပြည် တပ်မတော် SSPP/SSA ၊ တအာင်းTNLA (ပလောင်) တပ်ဖွဲ့၊ ကချင် KIA တပ်ဖွဲ့တို့လည်း အင်အားသစ်စုဆောင်းမှုများရှိနေကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သိရ ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates