တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်မူကြမ်း NCCT နှင့် UPWC အတည်ပြု



တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ်မူကြမ်းအား ပြည်ထောင်စု ငြိမ်းချမ်း ရေးဖေါ် ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့ ၇ ကြိမ်မြောက် ၈ ရက်နေ့ တွေ့ဆုံဆွေးနွေးကာ နှစ်ဘက်သဘောတူညှိနှိုင်းပြုစုရေးဆွဲပြီးစီး ကြောင်း အတည်ပြုချက် လက်မှတ်ရေးထိုး လိုက်သည်။

ဓါတ်ပုံ- ညိုအုန်းမြင့်
မတ်ခ်ျ ၃၁ ရက် ၂၀၁၅  တွင် တနိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ကို နှစ်ဘက် သဘောတူညှိနှိုင်း ရေးဆွဲပြီးစီးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင် ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင် ဝင်း၊ ဦးခက်ထိန်နန် နှင့် NCCT ဘက်တွင် နိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့ က အတည်ပြုချက် လက်မှတ်ရေးထိုး ကြ သည်။

၇ ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းရေးတွင် တက်ရောက်သည့် ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ခွန်းဆေက “ မနေ့က လက်မှတ်ရေးထိုးသွားတာက တပြည်လုံးအပစ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ မူကြမ်းကို နှစ်ဖက်ကိုယ်စားလှယ်တွေကသဘောတူ အတည်ပြု ပြီး  လက်မှတ်ရေးထိုးတာပါ။ အဲ့ဒီအထဲမှာ အခန်း ၇ ခန်း ပါတယ်။ အပိုဒ် ၃၃ ခု ရှိတယ်။ တပြည်လုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးဖို့ အချိန် နောက်ထပ် ၂ လ လောက် အချိန်ယူ ရဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဘာလို့လဲဆိုတော့ ဒီကြားထဲ သင်္ကြန်ပိတ်ရက်တွေဘာတွေ အဘက်ဘက်ခေါင်းဆောင်တွေ ပြန်တွေ့ဆုံဦးမယ်ဆိုတော့” - ဟု ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းရရှိရေးအတွက် မြစ်ကြီးနားမြို့တွင် ၂၀၁၃ နှစ်နှောင်းပိုင်းက ပထမ အကြိမ်စတင်ဆွေးနွေးခဲသည်။ ထို့နောက်ပိုင်း ပြင်တွင်းပြည်ပ တွင် အလွတ်သဘော ၂၂ ကြိမ်၊ တရားဝင် ၇ ကြိမ် တွေ့ဆုံပြီးတဲ့နောက် ယခုကဲ့သို့ နှစ်ဘက်သဘော တူညီသည့် စာချုပ်မူကြမ်း ပြုစုနိုင်ခြင်းဖြစ်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT  သည် အဖွဲ့ဝင် ၁၆ ဖွဲ့ပါ ရှိပြီး၂၀၁၃ က ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့၌ ဖွဲ့စည်းသည်။ UPWC ခေါ် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှာမူ  ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဌ ဖြစ်ပြီး ဦးအောင်မင်းက ဒုတိယ ဥက္ကဌ ဖြစ်သည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဥက္ကဌ ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးဗဟိုကော်မတီ UPCC မှ ခန့်အပ်တာဝန်ပေးထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates