မူစယ်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အပြောနဲ့အလုပ် ညီစေလို



သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ ခင်ဗျ

သျှမ်းပြည်နယ်မြောက်ပိုင်း မူစယ်မြို့ သင်္ကြန်ကာလ အခါသမယမှာ ကောင်းခါးပြည်သူ့စစ်က လောင်းကစားဝိုင်း ဖွင့်ခဲ့ပါတယ်။ ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်နေ့ထိ သင်္ကြန်အကြိုနေ့ကနေ နှစ်ဆန်းတရက်နေ့ထိပေါ့ဗျာ။ လုပ် တာကလည်း မူစယ်မြို့ရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ရွှေလီမြစ်ကမ်းဘေး နာ့စန့်မှာ။




လောင်းကစားပွဲမှာ လေးကောင်ကျင် ၁ ၀ိုင်း၊ သျှမ်းကိုးမီး ပန်ကြူးက ၂ ၀ိုင်းနဲ့ ကုန်းကင်းက ၁၃ ခုံ ရှိပါတယ်။ စားသောက်ဆိုင်ခန်းတွေလည်း လာဖွင့်တာ မနည်းဘူးဗျ။ ၃၀ လောက်ရှိမယ်။ လုံခြုံရေးကိုတော့ ကောင်းခါး ပြည်သူ့စစ်က တာဝန်ယူတယ်။ စားသောက်ဆိုင်ပိုင်ရှင်တွေ ဘာမှစိတ်ပူစရာမလိုဘူး။ လောင်းကစားပွဲပြီးသွား လို့ အိမ်ပြန်ရင်တောင် ဆိုင်ကိုမသိမ်းမဆည်းဘဲ ပြန်နိုင်တယ်။ အိပ်စောင့်စရာမလို။ အပျောက်အရှမရှိ။ အဲလောက်ထိ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးတာ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက လောင်းကစား ပပျောက်ရေး အစည်းအဝေးမှာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့ နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်တွေက လောင်းကစားဝိုင်းမဖွင့်ဘူး၊ မလုပ်ဘူး လို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ အခုက ကောင်းခါးပြည်သူ့စစ်က လောင်းကစားလာဖွင့်တယ်ဆိုတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။ လောင်းကစားဝိုင်းဖွင့်ဖို့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပေးရင် ဖွင့်နိုင်မှာလား။ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူးတွေ ခွင့်မပေးရင် သူတို့လည်း မဖွင့်နိုင်ဘူး။ အစည်းအဝေး သဘောတူညီချက်အတိုင်း ဘာကြောင့်လိုက်မ လုပ်တာလဲ။

ဒီလောင်းကစားဝိုင်းတွေကြောင့် မူစယ်မှာ လူကြီးသာမကလူငယ်တွေပါ အကျင့်စာရိတ္တ ပျက်ပြားနေကြပါပြီ။ မူစယ်မြို့မှာ ဓားပြတိုက်တာ၊ လုယက်တာတွေလည်း မကြာခဏ ပေါ်ပေါက်နေပါတယ်။ ဒါတွေဟာ လောင်းကစားဝိုင်းကြောင့်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်တို့ အပြောနဲ့အလုပ် ညီစေလိုပါတယ်။


ဧပြီလ ၂၂ ရက် ၂၀၁၅
မူစယ်မြို့ခံတဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates