လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်၌ အိုးအိမ်များပျက်စီး လူတဦးသေဆုံး



သျှမ်းပြည်အရှေ့ပိုင်း၊ မြောက်ပိုင်း၌ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့်  လူနေ အိမ်ခြေ၊ ကား နှင့် ပစ္စည်းသိုလှောင်ရုံများ ပျက်စီးဆုံးရှုံးပြီး လူတဦးသေ သုံးဦးဒဏ်ရာရရှိခဲ့ပါသည်။

 ညောင်ပင်ကြီးပြိုကျပိမိရာမှ ပျက်စီးသွားသည့် စိုင်းတွီနေအိမ်နှင့် ကား

ဧပြီ ၁၉ ရက် ညနေ ၄ ကျော်အချိန်တွင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်၊ မယ်ဆိုင် (ထိုင်းနယ်စပ်မြို့) တွင်လေပြင်းတိုက်ခတ်ခဲ့ကြောင်း၊ အဆိုပါလေပြင်းကြောင့်၊ တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု ဟွေလင်လမ်ရွာနေ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသော စိုင်းတွီနေအိမ်အပေါ် ညောင်ပင်ကြီးပြိုကျ မှု ကြောင့် တအိမ်လုံးပျက်စီးသွားကြောင်း၊ ညောင်ပင်ပြိုပိမှုကြောင့် လူတဦးသေဆုံး၊ သုံးဦးဒဏ်ရာရှိကာ ၎င်းပိုင် ဟွန်တာဂျတ်မော်တော်ကားတစီး ပျက်စီးသွားသည်ဟု သိရသည်။

“ လေပြင်းရုတ်တရက်ကျလာတဲ့အချိန်မှာ ကျနော့်အိမ်မှာ ဆိုင်ကယ်လာပြင်တဲ့ခလေး  ၉ ယောက် လောက်ရှိတယ်။   ၂ ယောက် နံရိုး ကျိုးသွားတယ်။ ပွန်းပဲ့ဒဏ်ရာတွေရတယ်။ တယောက်သေတယ်။ နာမည်က စိုင်းလတ်တဲ့။ အသက် ၁၆ နှစ်ဘဲရှိသေးတယ်။ ကျနော်လည်း စိတ်မကောင်းဖြစ်မိတယ်။ အခုကျနော့်မိသားစု ဘုန်းကြီးကျောင်းမှာသွားနေရတယ်။”  ဟု စိုင်းတွီက ပြောသည်။

ညောင်ပင်ပြိုကျ ပိမိရာမှသေးဆုံးသွားသည့် စိုင်းလတ်သည်  ဟွေလင်လမ်ရွာနေ စိုင်းအေး နန်းအုံတို့၏ သားဖြစ်ပါသည်။ ၎င်းတွင် ညီမတဦး ရှိပါသည်။  စိုင်းလတ်၏ အသုဘကို ကျေးရွာလူထု အင်အားဖြင့်  စီစဉ်ပေးနေကြောင်း  စိုင်းတွီကပြောသည်။

ယခုအခါ ဒဏ်ရာရရှိသူ ၂ ဦးအားလည်း  ထိုင်းနိုင်ငံဘက်ခြမ်း သို့ပို့ဆောင်ကုသ ထားကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ဟွေ့လင်လမ်တွင် အိမ်ခြေ ၂၀ လုံးထက်မနည်း ခေါင်မိုးလွှင့်ကုန်ကြောင်း၊ မယ်ဆိုင်ဘက်ခြမ်းတွင်လည်းပျက်စီး ဆုံးရှုံးမှုရှိကြောင်း တာချီလိတ်မြို့နေ ဟွေ့လင်လမ်သား စိုင်းအိုက်ရွှေ ကပြောသည်။

ယမန်နေ့ မနက်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အပြင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း မိုးသက်လေပြင်း (နွေမုန်တိုင်း) ကျရောက်ခဲ့ကြောင်း ထိခိုက်ဆုံးရှုံးမှု များပြားကြောင်း အိမ်ခေါင်မိုးများလွှင့်ပြီး လမ်းဘေးဈေးဆိုင်များလည်း ပြိုကျပျက်စီးမှုရှိခဲ့ကြောင်း  သိရသည်။

လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ဟတ်ကာကျေးရွာသူတဦးကလည်း ၎င်း၏ မှို့လှောင်ရုံမှာ မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့ရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၉ သိန်းခန့်ရှိကြောင်းပြောပါသည်။

ယခုနှစ်အတွင်း ဒုတိယအကြိမ်ရာသီဥတုဘေးသင့်ခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ဧပြီလဆန်းပိုင်းက ဖြစ်ပါသည်။ ထိုစဉ်ကလည်း မိုးသက်လေပြင်းနှင့်အတူ မိုးသီးကြီးများကြွေကျမှုကြောင့် သျှမ်းပြည် တောင်ပိုင်း အရှေ့ပိုင်းဒေသခံများ၏ လယ်ယာမြေနှင့်စိုက်ပျိုးခင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates