သံလွင်ရေကာတာစီမံကိန်းအား ကွန်ဟိန်းဒေသခံများ ကန့်ကွက်ဆန္ဒပြ
သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ နမ့်ပန်ခန်းမတွင် (တာဆန်း)ခေါ် သံလွင်မြစ် အထက်ပိုင်း (မိုင်းတုံ) ရေအား လျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ဒေသခံပြည်သူလူထုများမှု " NO DAM " ON SALWEEN RIVER စာတမ်း ပါ ခေါင်းစည်းများပတ်ကာဒေသခံ လူ အင်အား ၃၀၀ ကျော် ကန့်ကွက်ရှုံ့ချ သည့် အခမ်းအနား ပြုလုပ်ခဲ့သည် ။
မြန်မာအစိုးရနှင့် ရေကာတာတည်ဆောက်မည့် ကုမ္မဏီများ ငှားရမ်းထားသော သြစတေး လျနိုင်ငံ၏ SMEC ကုမ္မဏီမှ ဒေသခံလူထုနှင့်တွေ့ဆုံကာ ဆည်တည်ဆောက်မှုမှ ရရှိမည့် ကောင်းကျိုးဆိုးကျိုးများအတွက် စစ်တမ်း ကောက်ယူမည့် သတင်းကြောင့် ဧပြီလ (၃၀) ရက်နေ့က ကွန်ဟိန်းဒေသခံလူထုတို့ ကန့်ကွက်ရှုံ့ချသည့် အခမ်း အနားပြုလုပ်ခဲ့ခြင်းဖြစ် သည်။
မိုင်းတုံရေကာတာ စီမံကိန်းသည် ကွန်ဟိန်းမြို့နယ်အပါအဝင် သျှမ်းပြည်တွင်းက (၁၆) မြို့ နယ်သည် ရေဝပ်ဧရိယာ (၂၆၂) စတုရန်းမိုင်တွင် ပါရှိနေခြင်းကြောင့် ကောဇာသက္ကရာဇ် (၆၆၆) ခုနှစ် ကတည်းကတည်ထားကိုးကွယ်ခဲ့သော ဟိုလိန်း၊ တာကော် ၊ ဆိုင်မိုင်း ၊ ကျိုင်း ခမ်းရှိရှေးဟောင်းစေတီပုထိုးများ ကျိုင်းလွန်းဟော်၊ ဆိုက်ခေါင်ဟော် အစရှိ သမိုင်းဝင် ယဉ်ကျေးမှု မှတ်တမ်းများ၊ သဘာဝသစ်တောနှင့် ရေလယ်ကျွန်းများ ထိခိုက်ပျက်စီးနိုင်ပြီး ဒေသခံပြည် သူလူထု၏ ဘဝထိခိုက်နစ်နာပျက်စီးမှုများရှိနေကြောင်း ကန့်ကွက်ရှုံ့ချမှုတွင် ပါဝင်သူ ဒေသခံ နန်းဆိုင်ဟွမ်က ရှင်းပြသည် ။
“အဲ့ဒီကျမတို့ရဲ့ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနစ်တွေကို ဘာနဲ့မှအစားထိုးလို့မရပါဘူး၊ နောက်ပြီး ကျမတို့ မိရိုး ဖလာ အစဉ်အဆက်နေထိုင်လာခဲ့ကြတဲ့ ဒီနေရာကိုပစ်ပြီး စင်ကာပူ လိုနိုင်ငံမျိုးမှာ ပြန်ပြီးအစား လျော်ပေး မယ်ဆို ရင်တောင်မှ ကျမတို့ ဒေသခံတွေ လုံးဝ လက်မခံ နိုင်ကြပါဘူး ” ဟု၎င်းကဆိုသည် ။
ယင်းစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၄ စက်တင်ဘာ ၁၆ ရက်နေ့က(၁၁) ကြိမ်မြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ကြယ်ပွင့်ပြမေးခွန်း အဖြစ် မေးခွန်း (၅) ခု မေးမြန်းခဲ့ဖူး ပြီး လျှပ်စစ်စွမ်း အားဝန် ကြီးဌာန ၊ ဒုဝန်ကြီး ဦးမော်သာထွေးကပြန်လည်ဖြေကြားပေးရာတွင် ကျေနပ်အား ရမှုမရှိခဲ့ကြောင်း ၄င်းကဆိုသည် ။
“ စီမံကိန်းကာလက နှစ်ပေါင်း ၄၀ ၊ ထိုင်းနဲ့ တရုတ်က ၄၅ ရာခိုင်နှုန်းရပြီး မြန်မာနိုင်ငံ အတွက် Free Power ၁၀ ရာခိုင်နှုန်းနဲ့ Free Share ၁၅ ရာခိုင်နှုန်းပဲ ရရှိမှာဖြစ်တယ်လို့သိရ တယ် ၊ ကောင်းကျိုးထက် ဆိုးကျိုးတွေက သိသိသာသာကြီး အားသာနေတယ်၊ နောက်ပြီး ပြည်သူလုထုတွေရဲ့ ပျက်စီးနစ်နာသွားမယ့် ဘဝတွေ ၊ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တွက်ကြည့်ရင် ဒီစီမံကိန်းကြီးဟာဂြိုလ်ဆိုးကြီးတစ်ခုလို့မြင်ပါတယ် ” ဟု ဆန့်ကျင်းဆန္ဒပြမှု တွင်ပါဝင်သည့် နန်းဝါနုက ပြောသည်။
စီမံကိန်းအား ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၁၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ -China Three Gorges Corporation ထိုင်းနိုင်ငံ -EGAT International မြန်မာနိုင်ငံ- International Group Of Enterprise Company Ltd စသည့် ကုမ္ပဏီကြီး (၃) ခုက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး ခဲ့သည်။ စီမံကိန်းဆိုင်ရာဖြစ်မြောက်နိုင်မှု အစီရင်ခံစာ (FSR) ကိုမူ ၂၀၁၃ စက်တင်ဘာလ (၂၆) ရက်နေ့၌ တင်ပြခဲ့သည်။
သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများဆန်းစစ် လေ့လာ ခြင်းလုပ် ငန်း (EIA /SIA)အတွက် သြစတေးလျနိုင်ငံမှ SMEC ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော်ရေးရာ ၀န်ကြီးဌာနတို့မှ ပူးပေါင်း၍ ဆောင် ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် စီမံကိန်းဆောင်ရွက်လိုသည့် ထိုင်း၊ တရုတ် နိုင်ငံမှ ကုမ္ပဏီများကတာဝန်ပေးခြင်းနှင့် မြန်မာနိုင်ငံအစိုးရ မှလည်း သဘောတူခွင့်ပြု ထားသည် ဟုသိရသည် ။
SMEC ၏တာဝန်သည် (EIA/SIA) ပြုလုပ်၍ စစ်တမ်းများကောက်ယူပြီး အစီရင်ခံစာ (၅) စောင်ထွက်ရှိရေးအတွက် သာဖြစ်ပြီး ဒေသခံလူထုများ၏ကန့်ကွက်မှုများအပေါ် စီမံကိန်းရပ်ဆိုင်းပေး ခြင်းအတွက် ၄င်းတို့တွင်တာဝန်မရှိ ကြောင်း SMEC ၏တာဝန်ရှိ သူများက မတ်လ(၁၀) ရက်နေ့က တောင်ကြီးမြို့ မီဒီယာများထံသို့ပြောကြားခဲ့သည်။
သို့သော် SMEC မှ ထုတ်ပြန်သော သျှမ်း၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာဖြင့် ထုတ်ဝေထား သော လက်ကမ်းစာစောင် တွင် စီမံကိန်းများအား နိုင်ငံတော်အစိုးရ ၏အတည်ပြု ချက် ရရှိခြင်းနှင့်ရာသီဥတုအခြေအနေများ အပေါ်မူတည်ပြီး စတင်သွားမည် ဖြစ်ပြီး မည်သို့ ဆိုစေကာမူ စီမံကိန်းအား ၂၀၁၇ ခုနှစ် ပထမ ၃ လပါတ်တွင်စတင်သွား မည်ဖြစ်သည် ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရသည် ။
မတ်လ(၁၀) ရက်နေ့ကလည်း စီမံကိန်းဆောင်ရွက်လိုသည့် ကုမ္ပဏီ များမှ တောင်ကြီးဟို တယ်တွင် (EIA /SIA) ဆွေးနွေးပွဲ တစ်ရပ်ကျင်းခဲ့ရာ သျှမ်းပြည်နယ်တောင်ပိုင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း(၄၀) ကျော် ၊ပါတီများ နှင့်ဒေသခံများ တက်ရောက်ခဲ့ပြီး မိုင်းတုံရေအား လျှပ်စစ်စီမံ ကိန်းကြီးနှင့် (EIA/SIA) ပြုလုပ်မည့်အပေါ် " NO DAM " ON SALWEEN RIVER စာတန်းပါ ခေါင်းစည်းများ ပတ်ကာ ယင်းအခမ်းအနား ကျင်းပရာနေရာ တွင် အပြင်း အထန်ကန့်ကွက်ရှုတ်ချခဲ့ ဖူးသည် ။
ကရင် ၊ သျှမ်း၊ မွန် စသည့် ဒေသခံများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ (တာဆန်း)ခေါ်သံလွင်မြစ်အထက်ပိုင်း (မိုင်းတုံ)ရေအား လျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ယနေ့တိုင် စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရှိရပါသည်။
Tags: Environment, News



