ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့် သျှမ်းတောင်သူလယ်သမားများ ကွန်ယက်တွေ့ဆုံပွဲ သျှမ်း/တောင် မိုးနဲတွင်ပြုလုပ်
" သျှမ်းပြည်သယံဇာတများ၊ ငြိမ်းချမ်းရေးဆုတောင်းပွဲနှင့် သျှမ်းတောင်သူလယ်သမားများ ကွန်ယက်တွေ့ဆုံပွဲ " တစ်ရပ် ကို သျှမ်းပြည်တောင်သူလယ်သမားများကွန်ယက်(သျှမ်းပြည်တောင်ပိုင်း)က ကမကထပြု ဦးဆောင်ကျင်းပခဲ့ ကြောင်း သတင်းရရှိသည် ။
မေလ (၂) ရက်နေ့က သျှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ နားခန်အုပ်စု ဝမ့်ယေးကျေးရွာ တွင် တွေ့ဆုံခဲ့ကြရာ သျှမ်းပြည်နယ်ရှိဒေသအသီးသီးမှ တောင်သူလယ်သမားများ သောင်းချီတက်ရောက်ပြီး သယံ ဇာတတူး ဖော်ခြင်းပြဿနာနှင့် လယ်ယာမြေပြဿနာများအား ဒေသအလိုက်အတွေ့အကြုံဖလှယ်ခြင်း၊ ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း မိုးနဲဒေသခံ စိုင်းပီးထံမှသိရသည်။
" သီပေါက ဂက်စ်ပိုက်လိုင်းကိစ္စတွေ၊ မိုင်းလင်းရွှေတူးဖော်မှု ပြဿနာတွေ ၊ သိန္နီ- ကွန်လုံ အဝေးပြေးလမ်းမကြီး ဆောက်လုပ်မှုကြောင့်ဖြစ်လာတဲ့ဆိုးကျိုးပြဿနာတွေ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကိုဒေသအလိုက်အတွေ့ အကြုံဖလှယ်ကြပါတယ် " ဟု ၄င်းကဆိုသည်။
မိုးနဲမြို့ခံများကြုံတွေ့ခဲ့ရသည့်ပြဿနာမှာ သမိုင်းဝင်ယဉ်ကျေးမှုများ ထိခိုက်ပျက်စီးခြင်း၊ လယ်ယာမြေသိမ်း ဆည်းခံရခြင်း၊ မူးယစ်ဆေးဝါးနှင့် မြစ်ချောင်းအင်း အိုင်ပြဿနာများရှိနေသည်ဟု မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီး ကပြောသည်။
" မိုးနဲမှာ ပြည်သူ့စစ်နဲ့ လုပ်ငန်းရှင် ကုမ္ပဏီတွေကနေ သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧကထောင်ကျော် ရှိနေ တယ်၊ ရွှေလင်းယုန်ကုမ္ပဏီကို အမှီပြုပြီး MTA (ရွှေပြည်အေး) က မြေယာဧက ငါးထောင်ကျော်လုပ်ငန်း အကောင် အထည်ဖော်မှု မရှိပဲသိမ်းထားတဲ့အတွက် သျှမ်းပြည်နယ်အစိုးရဆီကို ကျနော်တို့စာတင်ထားတာ သုံးလေးနှစ်ရှိပြီ။ ဒါပေမဲ့ အစိုးရက ပြတ်ပြတ် သားသား မဖြေရှင်းနိုင်သေးဘူး" ဟု ၄င်းကဆက်ပြောသည် ။
" ဗဟို မြေယာဖြေရှင်း ရေးကော်မတီက အမှုပေါင်းသောင်း ကျော်ဖြေ ရှင်းပြီးပြီလို့ထုတ်ပြန်ထားပေမယ့် အောက် ခြေအဆင့်မှာ တကယ်ဖြေရှင်းပြီး မပြီးဆိုတာကို အစိုးရအနေနဲ့ ဘယ်လောက် ဆန်းစစ်မှုရှိသလဲ ၊ လယ်ယာမြေနဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့နေရာမှာ အောက် ခြေက တကယ် ကွင်းဆင်း ဖြေရှင်းနေတဲ့သူ တွေရဲ့ အဆင့်ဆင့် စီမံခန့် ခွဲမှုလွဲမှားနေတယ် " ဟု နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦး ကသုံးသပ်ပြောဆိုသည်။
တာချီလိတ်မြို့၊ တာလေမြို့နယ် ၊ မိုင်းလင်းကျေးရွာအုပ်စု ၊ နားဟိုင်းလုံ ကျေးရွာမှ လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေ ရသော သတ္တုတူးဖော်ရေးကြောင့် ပျက်စီးဆုံးရှုံးမှု ပြဿနာများအားသင်ခန်းစာရရှိစေရန် ဗဟုသုတအနေနှင့် သျှမ်းပြည်နယ်ရှိ အခြားဒေသမှ လူထုများသိရှိစေရန်အတွက် ရည်ရွယ်ကာ ယင်းတွေ့ဆုံပွဲကို တက်ရောက်ရခြင်း ဖြစ် ကြောင်း မိုင်းလင်းကျေးရွာမှ လူမှုရေးတက်ကြွလှုပ်ရှားသူ မနန်းလာက ရှင်းပြခဲ့သည် ။
" ကျမတို့ မိုင်းလင်း သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ၀န်ကြီးချုပ်ဆီ တောင်းဆိုထားတဲ့ လုပ်ငန်းရပ် ဆိုင်းပေးရေး၊ နစ်နာကြေးလျော်ကြေးရရှိရေး၊ ပျက်စီးဆုံးရှုံးသွား သော လယ်ယာမြေ များ ပြန်လည်ပြုပြင်ပေးရေး စတဲ့အချက်(၃) ကို ခုထိပြည့်စုံအောင် ဆောင် ရွက်ပေးမှုမရှိသေးဘူး ၊ အဲ့အတွက် ဒေသခံတွေစုပြီး စာပြန်တင်ဖို့ရှိ ပါတယ် " ဟု ၄င်းကဆက်လက်ပြောကြားသွားခဲ့သည်။
ထိုတွေ့ဆုံမှုအပြီး သျှမ်းပြည်သဘာဝပတ်ဝန်းကျင်အဓွန့်ရှည်တည်တံ့စေရန်နှင့် သယံဇာတများ ဘေးရန်ကင်း ရှင်းစွာတည်ရှိနေစေရန်အတွက်ရည်ရွယ်ကာ မြို့ရွာစောင့်နတ်ကောင်းနတ်မြတ်ထံတိုင်တည်ဆုတောင်းပြီး မီးပူဇော်ခဲ့ကြကြောင်း သိရသည်။
သျှမ်းပြည်တောင်သူလယ်သမားများကွန်ယက်သည် ၂၀၁၃ ခုနှစ်ဖွဲ့စည်းခဲ့ပြီး သျှမ်းပြည်တွင်းရှိ တောင်သူလယ် သမား များနှင့်တွေ့ဆုံကာ အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း၊ အခက်အခဲများ ဆွေးနွေးဖြေရှင်းခြင်းနှင့် ရပိုင်ခွင့်များတောင်းဆိုနိုင်ရန် ကူညီပံ့ပိုးပေးခြင်းတို့ပြုလုပ်ခဲ့ပါသည်။
Tags: General, News



