ILO သဘောတူညီချက် ထိုင်းအစိုးရ လက်မှတ်ရေးထိုးရန် အလုပ်သမားများ တောင်းဆို



မေလ ၁ ရက်နေ့က ကျရောက်သည့် အလုပ်သမားနေ့တွင် အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ထူ ထောင်ခွင့်ရရှိရေးအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း ILO သဘောတူညီချက်ကို ထိုင်းအစိုးရက လက်မှတ်ရေး ထိုးရန် အလုပ်သမားများက တောင်းဆိုကြကြောင်း သိရှိရသည်။





မေလ ၁ ရက် အလုပ်သမားနေ့က Migrant Assistance Program Foundation(MAP Foundation)၊ Migrant Justice Program Of the Human Rights Development Foundation(HRDF)၊  Empower ၊ သျှမ်းအလုပ်သမားအဖွဲ့အစည်းများဖြစ် သည့် Workers Solidarity Association (WSA)၊ Migrant Workers Federation (MWF)၊ လမ်းပွန်းမှ လက်ဝတ်ရတနာနှင့်ကျောက်သွေးလုပ်ငန်းမှ အလုပ်သမားအဖွဲ့နှင့် ဆန်ကမ်ပိုင်းမြို့နယ် အထည်ချုပ် အလုပ်သမားအဖွဲ့တို့ ပူးပေါင်းပြီး တောင်းဆိုချက် ၁၀ ချက်ပါ အိတ်ဖွင့်ပေးစာကို ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးရုံးသို့ သွားရောက်ပေးအပ်ခဲ့သည်။


“ကျမတို့ အချက် ၁၀ ချက် တောင်းဆိုပါတယ်။ အဓိကအချက်က ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ သဘောတူညီချက်ဖြစ်တဲ့ အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုတဲ့ အမှတ် ၈၇ နဲ့ ၉၇ အချက်ကို ထိုင်းအစိုးရက လက်မှတ်ရေးထိုးဖို့ ဖြစ်တယ်။ အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာ ဖွဲ့စည်း နိုင်ရင် အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်။ အလုပ်သမားဘ၀လည်း ပြေလည်လာမယ်” ဟု သျှမ်းအလုပ်သမားအဖွဲ့အစည်း Workers Solidarity Association (WSA) ဥက္ကဋ္ဌ နန်းမွေလှိုင်းက ပြောပါတယ်။


အလုပ်သမားတိုင်း ကျန်းမာရေးအာမခံချက် ရရှိရေး၊ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၃၀၀ ရရှိရေး၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဏာပိုင်၊ အလုပ်သမားကိုယ်စားလှယ်၊ ဥပဒေရေးရာ စသည့် အဖက်ဖက်မှ ပါဝင်သည့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေး၊ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် အလုပ်သမားများ ရက် ၉၀ အတွက် အစီရင်ခံသွားလျှင် ဘတ် ၁၀၀ ပေးရသည့်ကိစ္စကို ဖြေရှင်းပေးရန် - စသည်တို့ကို တောင်းဆို ကြောင်း ပြောပါသည်။


ထို့အပြင် ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးရုံးမှတဆင့် ထိုင်းဝန်ကြီးချုပ်  ပရယုဒ် ကျန်အိုးချားထံသို့ ပေးပို့ရန် အိတ်ဖွင့် ပေးစာတစောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း၊ ထိုင်းအစိုးရမှ  အလုပ်သမားဥပဒေကို ပြုပြင်ပေးရန်၊ ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအလုပ်သမားများကဲ့သို့ ကြည့်ရှုစောင့်ရှောက်ပေးရန်၊ အလုပ်သမားများ မိမိနေရပ်/ တိုင်းပြည် ပြန်မည်ဆိုပါက ပြန်လည်ထုတ်ပေးမည်ဟုဆိုကာ တနှစ် ၁၀၀၀ ဘတ်ကောက်ယူနေသည့်  ကိစ္စ ရပ်တန့်၊ ရုတ်သိမ်းပေးရန်- စသည်တို့ကို တောင်းဆိုကြောင်း MAP Foundation မှ အလုပ်သမားအခွင့်အရေး ဆိုင်ရာဌာန ပြန်ကြားရေးမှူး မစ္စတာဆုချတ်က ပြောပါသည်။


“ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာတာ ထိုင်းအလုပ်သမားတွေရဲ့အင်အားတခုတည်းနဲ့ဘဲ မဟုတ်ပါဘူး။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အားလည်းပါတယ်လေ။ အဲဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ထိုင်းအလုပ် သမားတွေလို ကြည့်ရှုစောင့်ရှောက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ အပြန်ထောက်ပံ့စရိတ်တနှစ်ဘတ် ၁၀၀၀  ဆိုတာကြီးကလည်း ပြန်ရဖို့လွယ်မှာမဟုတ်ဘူး။ ပြန်တောင်းဖို့က အဆင့်ဆင့်  လုပ်ရတယ်ဆိုတော့။ နောက် ပြောရရင် ရွှေ့ပြောင်းအလုပ်သမားတွေလည်း နေရပ်ပြန်ဖို့ သူတို့တတ်နိုင်ကြပါတယ်။ ဒါကြောင့် ဒီရံပုံငွေကိစ္စကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတာ ဖြစ်တယ်။”


အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဧပြီလ ၃၀ ရက်နှင့် မေလ ၁ ရက် ၂ ရက်တာ MAP Foundation က ဦးစီးပြီး အလုပ်သမားများအတွက် အလုပ်ရုံဆွေးနွေးပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း၊ အလုပ်သမားအခွင့် အရေးနှင့် ဥပဒေအကြောင်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်ဖော်၊ ၀န်ဆောင်မှု၊ အလုပ်ရုံအလုပ်သမားများ ၏ ရသုံးငွေအကြောင်းစသည့် အလုပ်သမားဆိုင်ရာ အသိပညာများကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates