အမျိုး သမီး တွေ အနာဂတ်မှာ နိုင်ငံရေးမှာ ပါဝင် ဦးဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တာဝန်သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းတွေရော ၊ လူငယ်အဖွဲ့တွေသာမက အမျိုးသမီးထုရဲ့ အင်အား ဟာလည်း အထူး အရေး ပါတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက လက်ခံခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လော်ခီးလာ တိုင်းရင်းသားခေါင်းဆောင် ညီလာခံမှာ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် WLB ကနေ လေ့လာသူ အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ပါတယ်။ အမျိုး သမီး တွေ အနာဂတ်မှာ နိုင်ငံရေးမှာပါဝင်ဦးဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီလား။ ဘယ်လို စီစဉ်ထားပါ သလဲ။ WLB ကိုကိုယ်စားပြုပြီး ညီလာခံ တက်ရောက် ခဲ့ရတဲ့ သျှမ်းအမျိုးသမီး ဆက်သွယ် ပူးပေါင်းဆောင် ရွက်ရေးအသင်းက ယိင်းဟန်ဖှကို သျှမ်းသံတော်ဆင့်က တွေ့ဆုံ မေးမြန်း ထားပါတယ်။
![]() |
သျှမ်းအမျိုးသမီး ဆက်သွယ်ပူးပေါင်းဆောင် ရွက်ရေးအသင်းက ယိင်းဟန်ဖှ
|
မေး။ ။ လော်ခီးလာညီလာခံတက်ရောက်ခဲ့ရတဲ့အကြောင်း တချက်ရှင်းပြပေးပါလား။
ဖြေ။ ။ ဟုတ်ကဲ့ ။ ဂျွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေလော်ခီးလာမှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကို တက်ရောက်ဖို့ တိုင်းရင်းသား ခေါင်းဆောင် တွေက ဖိတ်ကြားလာလို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံကနေ ကိုယ်စားလှယ် ၂ ယောက် တက် ရောက် ခွင့်ရခဲ့ပါတယ်။
မေး။ ။ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ။ ။ အခက်အခဲတွေကတော့- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်လာတဲ့ ကာလတလျှောက်လုံးမှာ ကျမတို့ အမျိုးသမီးများအဖွဲ့က ပါဝင်ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့် အခုလို ထိပ်သီးတိုင်းရင်းသား ခေါင်းဆောင်တွေပါဝင်တဲ့ ယခင်က ဆွေးနွေးပွဲတွေမှာ ကျမတို့ အမျိုးသမီးဘက်က ပါဝင်ခွင့် အခွင့် အလမ်း သိပ်မရှိခဲ့ပါဘူး ။အဲတာကြောင့်ကျမတို့ဘက်က ပါဝင်ခွင့်ရအောင်တောင်းဆိုခဲ့တာပါ။ တောင်းဆို တဲ့ အတိုင်း ကျမတို့ WLB က ၂ ယောက် တက်ရောက်ခွင့်ရရှိခဲ့တာပါ။
မေး။ ။ WBL ဆိုတာကိုတချက်လောက်ရှင်းပြပေးပါလား။
ဖြေ။ ။ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဆိုတာက မြန်မာနိုင်ငံ အမျိုးသမီး တိုင်းရင်းသား အဖွဲ့ ၁၃ ဖွဲ့ကနေ ဖွဲ့စည်းတည်ထောင်ထားပါတယ်။ ကချင်၊ ကူကီး၊ ကရင်၊ ရခိုင်၊ ထားဝယ်၊လားဟူ ၊ပအိုဝ်း ပလောင်၊ သျှမ်း အစရှိ အမျိုးသမီး အဖွဲ့တွေ ပါဝင်ပါတယ်။ ၁၉၉၃ ခုနှစ် ကဖွဲ့စည်းခဲ့တာပါ။ သျှမ်းအမျိုးသမီး များ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ရေးအသင်း SWAN ကလည်း WLB တည်ထောင်ရာမှာ တဖွဲ့ ပါဝင်ပါ တယ်။ ကျမ ယိင်းဟန်ဖှ ကတော့ WLB ကတော့ သဘာပဓိ အဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ကျမတို့လော်ခီးလာ ညီလာခံ သွားတက်တာ ကျမ နဲ့အတူ WLB အတွင်းရေးမှူး ဂျူလီယာ ရောရင့်စ် ဖြစ်ပါတယ်။
မေး။ ။ WLB အနေနဲ့ ဘာတွေသွားတင်ပြရပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းမှာ အမျိုးသမီးကပါဝင်နိုင်ဖို့ ကျမတို့သွားရောက် တောင်းဆိုထားပါတယ်။ အနည်းဆုံး ၃၀ ရာ ခိုင်နှုန်း ပါဝင်ခွင့် ရအောင်ပေါ့နော်။ အဲ့ကြောင့် ပြန်ကြည့်မယ် ဆိုရင် စာချုပ်မူကြမ်း ရ ခန်းနဲ့ ၃၃ ချက်မှာဆိုရင် အခန်း ၅ အချက် ၂၃ မှာ ပါဝင်ထားတာက အမျိုးသမီးများ ပါဝင်မှုနှင့်ပတ်သက်ပြီး သင့်တင့်လျောက်ပတ်သော အချိုးအစားပါဝင်မှု ဆိုပြီး ပါထားပါတယ်။ အဲတာ ကြောင့် ကျမတို့က သင့်တင့်လျောက်ပတ်သော အစား အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရန် ဆိုပြီး ပြင်ဆင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
မေး။ ။ တောင်းဆိုချက်တွေကို ခေါင်းဆောင်တွေက ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ခေါင်းဆောင်တွေကလည်း ကျမတို့ရဲ့တောင်းဆိုချက်ကို - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုး သမီး အင်အားကလည်း အရေးပါတယ် လုပ်ငန်းစဉ်တိုင်းမှာပါဝင်သင့်ပါတယ်- ဆိုပြီး သဘောတူလက်ခံပါတယ်။ ဒါပေမယ့် နိုင်ငံရေး စစ်ရေးကို အရင်ဆွေးနွေးမယ်။ လူမှုရေးလုပ်ငန်း၊ အမျိုး သမီးနဲ့ လူငယ်အဖွဲ့ဆိုတာက ဒုတိယအဆင့်မှာဆွေးနွေးရမှာဖြစ်တယ် လို့ပြောတယ်။ သို့ပေမယ့် ကနေ့ ကမ္ဘာ့အခြေအနေကိုပြန်ကြည့် မယ်ဆိုရင် နိုင်ငံတိုင်းမှာ ဦးဆောင်မှုအကြီးအကဲတွေအပိုင်းမှာရော အဆင့်တိုင်းမှာ အမျိုးသမီးတွေနေရာ ရလာတယ်။ သမတ တွေ ၀န်ကြီးချုပ်တွေအထိတောင် ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံထဲ မှာလဲ အမျိုးသမီးတွေဟာ နိုင်ငံရေးလုပ်ဆောင်မှု အဆင့်တိုင်းမှာရော ဦးဆောင်မှုအပိုင်းမှာပါ စွမ်းဆောင် မယ့်အရည်အချင်းရှိတယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ WLB အနေနဲ့ရော SWAN အနေနဲ့ပါ အမျိုးသမီးပိုင်းကနေ နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ ဘယ်ကဏ်ဏ္ဍ မှာ ပါဝင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်လာကတည်းက ကျမတို့အမျိုးသမီးအဖွဲ့ အနေနဲ့ လည်း လူမှုရေးအသိုင်းအဝိုင်းမှာရော ဒေသတွင်းတွေမှာရော ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ် ဆောင် ခဲ့ပါတယ်။ အမျိုးသမီးအဖွဲ့ချုပ်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ရေး Peace Building Program ဆိုတဲ့ ပရာဂျက် ရှိပါတယ်။ WLB အဖွဲ့ဝင် ၁၃ ဖွဲ့က အမျိုးသမီးတွေကိုခေါ်ပြီး ငြိမ်းချမ်း ရေးနဲ့ပတ်သက်တဲ့ သင် တန်းတွေ ပေးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လုပ်ငန်းစဉ်ထဲမှာ ဘာတွေ ပါဝင်သလဲ။ နိုင်ငံတကာအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေလက် မှတ်ရေး ထိုးခွင့် ရှိသလဲ ။ ဥပမာ- လူ့အခွင့်အရေး ကွန်ဗင်းရှင်း ၊ စီဒေါ စတာတွေအကြောင်းကိုလည်းပို့ချပေးတယ်။ ဒီသင်တန်းကနေရလာတဲ့အသိနဲ့ကိုယ့် ဒေသအသီးသီးမှာရှိတဲ့ လူထုကို ပြန်ပြီး တော့ ဗဟုသုတ ဆင့်ပွါးပေးတယ်။ ငြိမ်းချမ်းရေးဟာ လူထုအတွက် ဘယ်လောက် အရေးကြီးလဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူထုဘယ် ကဏက ပါဝင်ခွင့်ရလဲ။ စတာတွေကို နေရာတိုင်းမှာ သင်တန်းပေးသွားပါတယ်။ အခုလို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ လူထုရဲ့အသံပါဝင်မှုဟာ အရေးကြီးဆုံး အချက်ဖြစ် တယ် ဆိုပြီးတော့လည်း စည်းရုံးရေး လုပ်ငန်းတွေလည်း လုပ်ရပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျမတို့ ၂၀၁၀ ကတည်းက စတင်လုပ်လာခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော နိုင်ငံရေးဆွေးနွေးမှုအပိုင်းမှာပါ အမျိုးသမီးပါဝင်မှုက ဘယ်လောက် အထိအရေးကြီးပါသလဲ။
ဖြေ။ ။ နိုင်ငံရေးဆွေးနွေးပွဲမှာအမျိုးသမီးများ ပါဝင်လာနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ခုနပြောသ လိုပေါ့ နိုင်ငံတကာမှာ ခေတ်စနစ်တွေက ပြောင်းလဲ နေပါပြီ။ ဒါပေမယ့် ကျမတို့ အေးရှားမှာရော ဗုဒ္ဓဘာသာ ယုံကြည် ကိုးကွယ်တဲ့ အသိုင်း အဝိုင်းမှာပါ အမျိုးသမီးတွေကို အိမ်မှုကိစ္စဘဲလုပ်ဖို့ သားသမီးတွေကိုပြုစု စောင့်ရှောက်ဖို့ ဘဲလို့ နားလည်ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ခေတ်မှာ အိမ်မှုကိစ္စအပြင် အမျိုးသမီးတွေပါ စားဝတ်နေရေးအတွက် ၀င်ငွေရှာရပါတယ်။ အမျိုးသား တယောက်တည်း ရှာလို့ စားမလောက် တော့ပါဘူး။ ဒါ့အပြင် လူမှုရေးလှုပ်ရှားမှုမှာ ရပ်ရွာအကျိုးတွေမှာလည်း ဦးဆောင်သယ်ပိုးလာကြတဲ့အတွက် ယခင်က ထက် လုပ်ငန်း ၂ ဆ တိုးလာခဲ့ပါတယ်။ ဒါကြောင့် ကနေ့ခေတ်အခြေအနေအရ လုပ်ငန်းကိုင်ငန်း အားလုံး ဟာ အမျိုးသမီးရော အမျိုးသားတွေပါ လက်တွဲပူးပေါင်းလုပ်ဆောင်မှဘဲ ရပါမယ်။ ဆိုတော့အမျိုးသမီး တွေဟာ လုပ်ငန်းကိုင်ငန်းတိုင်း နေရာတိုင်းမှာ မပါမဖြစ်အရေးပါလာတာတွေ့ ရပါတယ်။
မေး။ ။ ဒီ လော်ခီးလာညီလာခံကနေ ရလာတဲ့ အတွေ့အကြုံအရဆိုရင် ရှေ့ဆက် နိုင်ငံရေးမှာ အမျိုးသမီး ပါဝင်လာဖို့အခွင့်အလမ်း အခြေအနေဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ အခုတခေါက်ကတော့ ထိပ်သီး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခွင့်ရတာ ပထမဆုံး အကြိမ်ပါ။ ရှေ့ဆက်လည်းဘဲ အခုလို ဆွေးနွေးပွဲမျိုးဆိုရင် အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ တိုက်တွန်း တင်ပြ သွားပါမယ်။ ဆွေးနွေးပွဲကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့ထဲမှာလည်း အဖွဲ့တိုင်းမှာ အမျိုးသမီးအဖွဲ့တွေ ရှိကြပါတယ်။ ကေအန်ယူ ဆိုရင်လည်း ဒုဥက္ကဌ နော်ဇီဖိုးရာစိန်လေ။ တဘက်ကလည်း KWO ကရင်အမျိုးသမီးအဖွဲ့ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်။ နောက်တယောက်က ရခိုင် အမျိုး သမီးခေါင်းဆောင် စောမြရာဇာလင်း ။ ALP ရခိုင်တပ်ဖွဲ့ထဲမှာလဲ ပါဝင်တယ်။ ဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒီအမျိုးသမီး ခေါင်းဆောင်တွေ ကနေတဆင့် ကျန်အဖွဲ့အစည်းတွေက အမျိုးသမီး တွေ လည်းတတပ်တအားပါဝင်လာနိုင်အောင် ကြိုးစားဆွဲခေါ် ဖို့အတွက် တိုက်တွန်း တင်ပြ သွားပါတယ်။ အခုတခေါက်ညီလာခံမှာလဲ ပလောင်၊ လားဟူ ၊ပအိုဝ်း၊ ရခိုင် တပ်ဖွဲ့တွေက သူတို့ရဲ့ အမျိုးသမီးအဖွဲ့တွေကိုပါ ခေါ်လာခဲ့ပါတယ်။ ဒါတောင်မှ ညီလာခံထဲမှာထိုင်နေတဲ့ လူ ၂၀၀ မှာ အမျိုးသမီးက ၁၃ ယောက်ဘဲရှိပါ တယ်။ အဲထဲမှာ အလုပ်အမှုဆောင်တွေ ပါတယ်။ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး ပြောဆိုဆုံး ဖြတ်ခွင့်ရှိတာ ၄-၅ ယောက်မပိုဘူး။ ဒါကြောင့် အမျိုးသမီးအင်အားနည်း နေပါသေးတယ် ။ ဒါကြောင့်လာမယ့် ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတွေ ဒီထက်များများပါလာအောင် ကျမတို့အနေနဲ့ တဖက်ကလည်း ခေါင်းဆောင်တွေကို တိုက်တွန်းရမယ်။ တဖက်ကလည်း အမျိုးသမီးတွေကို ဆွဲခေါ်ရမှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့။ အမျိုးသမီးတွေအတွက် WLB က ဘာတွေ လုပ်ဆောင် ပေးသလဲ ဆိုတာ တချက်ရှင်းပြ ပေးပါ။
ဖြေ။ ။ WLB ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင် လာနိုင်အောင် ဖြစ်တယ်။ ၂၀၁၃ ခုနှစ်တုန်း က မြန်မာနိုင်ငံမှာကျင်းပတဲ့ Women Forum ကိုလည်း ကျမတို့ သွားတက်ရောက်ခဲ့ပါတယ်။ အင်အား ၄၀၀ ကျော်ရှိတယ်။ အဲဒီနောက်မှာတော့ မြန်မာပြည်တွင်းထဲကိုဝင်ရောက်ပြီး အမျိုးသမီးတွေရဲ့ အသံ ခံစားချက် ထွက်ပေါ် လာနိုင်အောင် ကူညီဆောင်ရွက်ပေးတယ်။ တခြားသောအဖွဲ့အစည်းတွေနဲ့ လက် တွဲဆက်သွယ်နိုင်အောင်ဆောက်ရွက်ပေးမယ်။ အခုလက်ရှိမှာတော့ စီဒေါနဲ့ပတ်သက်တဲ့ Shadow report ဆိုတဲ့ အစီရင်ခံစာကိုလုပ်နေပါတယ်။ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုဆန့်ကျင်ရေးစာချုပ် ပေါ့နော်။ အဲတာကို ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံ အစိုးရက ယူအဲန်နဲ့သွားပြီး စာချဲုပ်လက်မှတ်ရေးထိုးထားပါတယ်။ လက်မှတ် ရေးထိုး ထားတဲ့ အစိုးရကနေ ယူအဲန်ကို ၄ နှစ်တကြိမ်အစီရင်ခံစာတင်ရမယ်။ သက်ဆိုင်ရာနိုင်ငံက အမျိုးသမီးတွေကို အစိုးရအနေနဲ့ ဘယ်လို အကာအကွယ်ပေးသလဲ ဘယ်လို ကူညီ ဆောင်ရွက် ပေးသလဲ။ အမျိုးသမီး တွေရဲ့ ဘဝကို ဘယ်လို မြင့်တင် ပေးသလဲ။ ဒီအတွက် အစိုးရကလည်း ၄ နှစ်တကြိမ် အစီရင်ခံစာ ထုတ်ပါတယ်။ ဒါမယ့် အကောင်းတွေကို ချည်း ရေးထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ အမျိုး သမီး ရေးရာ မိခင်နှင့်ကလေး အကြောင်းဘဲရေးတယ်။ ကျမတို့ ဒီပြင်ပမှာ နေထိုင်ပြီး တကယ့်အခက် အခဲနဲ့ ရင် ဆိုင်နေရတဲ့ တိုင်းရင်းသားနယ်မြေ ကျေးလက်ဒေသ တွေက အမျိုးသမီး တွေကို ကွင်းဆင်းပြီး ကူညီတဲ့ အဖွဲ့ကတော့ အမျိုးသမီးတွေ ဘယ်လိုအခွင့် အရေး ချိုးဖောက် ခံနေရဆဲ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင် နေရဆဲ ဆိုတာတွေကို ကြုံတွေ့ခဲ့ရတဲ့ အမှန်အတိုင်းရေးသားပြီး တော့ Shadow report ဆိုပြီး တင်ပြမယ်။ ဖြစ်ပျက်နေတဲ့ ၁၀၀ မှာ အစိုးရက ၂၅ ဘဲ အမှန်တကယ်လုပ်ပေးပြီးတော့ ကျန်တဲ့ ရ၅ ကတော့ လက်ရှိ အမှန်တကယ် ဒီလိုတွေဖြစ်နေပါတယ်ဆိုပြီး တင်ပြပါမယ်။ အခု အဲဒီအတွက် ပြင်ဆင်နေဆဲ နောက်နှစ်မှာ တင်ပြနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။
ကျမတို့လည်း ညီလာခံသွားတက်တုန်းက ဆွေးနွေးနေတဲ့အချိန်မှာ အချိန် သိပ်မရလို့ မတင်ပြ လိုက်ရတဲ့ အချက်တွေကို နားချိန် ထမင်းစားချိန်မှာ ခေါင်းဆောင်တွေကို ပြောပြပါတယ်။ ခေါင်းဆောင်တွေကလည်း ကျမတို့ကို ထောက်ခံအားပေးတယ်။ လက်တွဲကူညီသွားဖို့လည်း သဘောတူခဲ့ပါတယ်။
ဆိုတော့ ကျမတို့အနေနဲ့အခုလော လောဆယ်မှာ အမျိုးသမီးတွေကို အကာအကွယ် ပေးဖို့သာမက တဖက်ကလည်း နိုင်ငံရေးမှာပါဝင်ဦးဆောင်နိုင်ဖို့ အတွက် အရမ်းကြီးကို ကြိုးစား နေရတဲ့ အချိန် ဖြစ်ပါတယ်။ ရှေ့ဆက်မှာ တကယ်လက်တွေ့ လုပ်ရတော့ မယ်ဆိုရင် အဆင်သင့်ဖြစ်နေအောင် ကျမတို့အမျိုးသမီးတွေ ခုကတည်းက အရည်အချင်း ပြည့်အောင် ဖြည့်နေတာဖြစ်ပါတယ်။
မေး။ ။ ရှေ့ဆက် နိုင်ငံရေးမှာပါဝင်လာနိုင်အောင် လက်ရှိ အမျိုးသမီး ခေါင်းဆောင်တွေကို ဘယ်လို တိုက်တွန်း ချင်ပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့ အခုကျမတို့ တိုင်းရင်းသားတွေမှာ နိုင်ငံရေး စိတ်ဝင်စားတဲ့ အမျိုးသမီးတွေကို WBL ကနေအရည် အချင်း မြင့်တင်ပေးတဲ့ PEP ဆိုတဲ့ Political Empowerment Program ဆိုတာရှိတယ်။ တနှစ်မှာ အမျိုးသမီး ၂၀ ကနေ ၃၀ အထိ အမျိုးသမီးတွေကို ခေါင်းဆောင်ပိုင်းဆိုင်ရာ အရည်အချင်း မြင့်တင်ပေးနေပါတယ်။ လူမှုရေးမှာ၊ နိုင်ငံရေးမှာ ပါဝင် ဦးဆောင်နိုင်ဖို့ပါ။ တချို့ကလည်း သူ့မိခင်အဖွဲ့ အစည်းမှာ ပြန်ပြီးသွားအသုံးချတယ်။ တချို့က လည်း နိုင်ငံရေးပါတီထဲဝင်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် လွှတ်တော်ထဲဝင်ဖို့ ၀င်ပြိုင်မယ်လို့ ကြားရပါတယ်။ နိုင်ငံရေးဆိုတာ ကျား မ မရွေး လူတိုင်းမှာ တာဝန်ရှိပါတယ်။ အခုကျမတို့ သျှမ်းထဲမှာဆိုရင်လည်း အရည်အချင်းရှိတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်တွေ ရှိနေသလို ရှေ့ဆက်မှာလည်း နိုင်ငံရေး ကျန်းမာရေး ပညာရေး စတဲ့ ကဏ်ဏ္ဍ အသီးသီး မှာလည်းဘဲ အရည်အချင်းရှိတဲ့အမျိုးသမီးတွေ နေရာယူ ဦးဆောင်မှု ရှိစေချင်ပါတယ်။ သျှမ်းအမျိုးသမီးတွေ အရည်အချင်းပြည့်ဝပြီးသားမို့ လုပ်ဆောင်နိုင်မှာမလွဲဘူးလို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Tags: Interview