သျှမ်း လူထုက မည်သည့် သျှမ်းပါတီကို မဲပေး မည်နည်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နီးလာလေလေ မည်သည့်သျှမ်းပါတီကို ရွေးပြီး မိမိတို့၏ အသည်း ကြားက မဲတစ်ပြားအား ပုံအောထည့်ပေးရမည်ဆိုသည့် အရာသည့် သျှမ်းလူထုအဖို့ အခုချိန်အထိ စဉ်းစား ဝေခွဲဆုံးဖြတ်ဖို့ ပိုခက်လေလေ ဖြစ်နေသည်ကို တွေ့ရ၏။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသည် ဆိုခြင်းကို သုံးသပ်ကြည့်သင့်၏။
ပထမဦးဆုံး သျှမ်းပြည်တွင် ဝင်ရောက် ရွေးကောက်ယှဉ်ပြိုင်မည့် အထင်ကရ သျှမ်းပါတီ ၃ ခု၏ နောက်ခံသမိုင်းနှင့်ယင်းတို့၏ အဓိကနိုင်ငံရေးပေါ်လစီ တချို့တလေတွေကို လေ့လာသင့်သည်ထင်၏။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (SNLD) (သို့) ကျားခေါင်းပါတီကို ၁၉၈၈ အရေး အခင်းကာလတွင် ခွန်ထွန်းဦး ဦးဆောင်ပြီး တည်ထောင်ခဲ့၏။ ပြည်ထောင်စုစစ်စစ်၊ ပြည်တွင်း ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ လူ့အခွင့်အရေးတို့ကို ဦးထိပ်ထားပြီး ပါတီကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်းသိရ၏။ ၁၉၉၀ ရွေးကောက်ပွဲတွင်တပြည်လုံး အတိုင်းအတာ၌ NLD နောက် ဒုတိယ မဲဆန္ဒ အများဆုံးရခဲ့၏။ သျှမ်းပြည်နယ်တွင် အမတ်(၂၃)နေရာဖြင့် မဲဆန္ဒအများဆုံးရခဲ့၏။ အမျိုးသားညီလာ ခံမှ သပိတ်မှောက် ထွက်ခွါခြင်း၊ ညီညွှတ်သော တိုင်းရင်းသား မဟာမိတ် (UNA)ကို ဦးဆောင်ဖွဲ့စည်း ကာ တိုင်းရင်းသားအရေး တစိုက်မတ်မတ် ဆောင်ရွက်ခြင်း၊ ဥက္ကဌဖြစ်သူ ခွန်ထွန်းဦး၏ မဟုတ်မခံ စိတ်ဓာတ်၊ အမှန်ကိုအမှန်အတိုင်း ပြောဆိုရဲ့သည့် စိတ်ရင်းစေတနာ၊ မဟုတ်တာမှန်လျှင် စစ်အစိုးရကို အတည့်အလင်း ဝေဖန်ရဲသည့် အပြောအဆို၊ အများကောင်းကျိုးအတွက် နှစ်ရှည်ထောင်ကျခံရဲခြင်း၊ ပြည်တွင်းတွင်သာမက နိုင်ငံရပ်ခြားတိုင်းပြည်များ၌လည်း အများ၏ လေးစားကြည်ညိုမှုများကို ရရှိခြင်း စသည့်အကြောင်းများကြောင့် ကျားခေါင်းပါတီကို သျှမ်းလူထုကအခြားသျှမ်းပါတီတွေထက်ပိုနှစ်သက် ခဲ့ကြ၏။ အလေးထားကြ၏။ ယုံကြည်ကိုးစားကြ၏။ အားပေးထောက်ခံကြ၏။ ထို့အပြင် သျှမ်းလူထု အတွက်ဆိုသတ္တိရှိရှိရှေ့ဆုံးက မိမိအသက်ကိုပင် မငဲ့မညာရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဦးလည်မသုံဆောင် ရွက်ပေးခဲ့သဖြင့် ခွန်ထွန်းဦးကိုသံမဏိနှလုံးသားပိုင်ရှင်အဖြစ် သျှမ်းလူထုကတင်စားသမှုပြုကြ လေ၏။ ဦးညွတ်ကြလေ၏။ သူ့အတွက်ဆို ပြန်ပေးဆပ်ဖို့ အမြဲအဆင်သင့် ဖြစ်ကြလေ၏။
ကျားဖြူပါတီဟု လူသိများသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)ကို စိုင်းအိုက်ပေါင်း ဦးစီးပြီး ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့၏။ နိုင်ငံရေးဦးတည်ချက်များမှာ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်ကို တည်ထောင်ခြင်း၊ သျှမ်းပြည်တိုင်းရင်းသား အင်အားစုများဖြင့် သျှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ခြင်း၊ သျှမ်းလူထုကိုယ်စားပြုသည့် နိုင်ငံရေးပါတီ ဖြစ်ရေး ကြိုးပမ်း လုပ်ဆောင်ခြင်း စသည်တို့ ဖြစ်ကြောင်း သိရ၏။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တို့တွင် မဲဆန္ဒနယ် စုစုပေါင်း(၅၇)နေရာ အနိုင်ရရှိခဲ့၏။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့အား နှာတဖျားအနိုင်ရခဲ့ သဖြင့် ဟိုးလေးတကျော် ဖြစ်သွားခဲ့၏။ သျှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးနှစ်နေရာ အပ်နှင်းခြင်း ခံရ၏။ ကွန်ဟိန်းနယ် လွှတ်တော်ကိုယ်စားလှယ် နန်းဝါနု၏ ဝံ့ဝံ့စားစား ပြောဆိုလုပ်ကိုင်ဆောင်ရွက် ချက်ကြောင့်လည်း ကျားဖြူပါတီကို လူသိပိုများစေကြောင်း သိရ၏။
သျှမ်းပြည်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်းရေး ဒီမိုကရက်တစ်ပါတီ (Eastern Shan State Development Democratic Party- ESSDDP)ဟုခေါ်သည့် သျှမ်းအရှေ့ပါတီကို ကျိုင်းတုံမြို့ခံ သျှမ်းမျိုးချစ်တစ်စု ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဂျွန်လ (၂)ရက်နေ့တွင် တည်ထောင်ကြောင်းသိရ၏။ ယင်း၏ နိုင်ငံရေး ပန်းတိုင်မှာ ဒီမိုကရေစီရေး၊ စစ်မှန်သောပြည်ထောင်စုစနစ် ကျင့်သုံးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သျှမ်းပြည် အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ကြေညာချက်အရသိရ၏။ ကျိုင်းတုံ မြို့၌ လူချစ်လူခင်ပေါများသည့် သြဇာတိက္ကမရှိသည့် စိုင်းဟောင်ခမ်းက ပါတီဥက္ကဌအဖြစ် ဆောင်ရွက် ပြီး ဝါရင့်စာရေးဆရာ အနုပညာသမားဖြစ်သည့် စိုင်းဆမ်တစ်ဆေကို ဒုဥက္ကဌအဖြစ် တာဝန်ပေးအပ် ကြောင်းသိရ၏။ ဖွဲ့စည်းတည်ထောင်ခါစဖြစ်၍ ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုတွေတော့ မသိရသေးပေ။ ယင်း၏ကြေညာချက်အရ ရှမ်းအရှေ့ပါတီသည် ကျားခေါင်းပါတီအား ကျားကန်ထောက်ခံပေးမည်ဖြစ် ကြောင်း သိရ၏။
ကျားခေါင်းပါတီကို အများက အတိုက်အခံပါတီ စစ်စစ်အဖြစ် အသိအမှတ်ပြု၏။ UNA၊ NLD၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့နှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ပြီး အစိုးရ၏ ပျော့ကွက်ဟာကွက်များကို ထောက်ပြရဲသဖြင့် သျှမ်းလူထု၏ ကောင်းချီးထော ပနာပြုခြင်း၊ ထောက်ခံ အားပေးခြင်းကို ရရှိခဲ့၏။ ဥက္ကဌ ခွန်ထွန်းဦးကို သျှမ်းလူထု ခေါင်းဆောင်အဖြစ် သာမကဘဲတိုင်းရင်းသားတို့၏ကိုယ်စားပြုသူအဖြစ်အများက မှတ်ယူကြောင်းကြားသိရ၏။ ဝ ပြည်နယ် တောင်းဆိုခြင်းကို သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေတောင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင် စကား တခွန်း တပါဒမဟဝံ့သည်ကို ခွန်ထွန်ဦးက သျှမ်းနိုင်ငံရေးခေါင်းဆောင်ပီပီ လုံးဝလက်မခံကြောင်း စကားပလ္လင် မခံဘဲ ဒဲ့တိုးလက်တန်းတခါတည်း ပြောခဲ့သည်ကို မီဒီယာများ ဖေါ်ပြချက်အရ သိရ၏။ သည့်အတွက် ကျားခေါင်းပါတီကို သျှမ်းလူထု ထောက်ခံအားပေးခြင်းသည့် ထူးဆန်းသည့်အရာတော့ မဟုတ်ပေ။
ကျားဖြူပါတီကို လူတွေက အစိုးရဘက် နည်းနည်းယိမ်းသည်ဟု ဆိုကြ၏။ ပျော့ပျောင်းသည့် ပေါ်လစီ စွဲကိုင်ထားသည်ဟု ဆို၏။ သျှမ်းပြည်နယ်အစိုးရ အဖွဲ့တွင် ဝန်ကြီးနှစ်ယောက်၊ ပြည်ထောင်စု အစိုးရ အဖွဲ့တွင်ဒုဝန်ကြီးတစ်ယောက်အဖြစ် နေရာယူထားကြ၏။ ယင်းကဲ့သို့ ဌာနလက်ကိုင်ဝန်ကြီး ရရှိထားသည့်အတွက် အတိုက်အခံ မပီသသည့် ဖားတပိုင်းငါးတပိုင်း အတိုက်အခံပါတီဟု အများက လက်ညှိုးထိုးကြ၏။ သို့သော် ကျားဖြူပါတီသည်လည်း ယင်း၏သျှမ်းလူထုအတွက်လယ်ယာမြေသိမ်းပြဿနာ များ၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူငယ်အရည် အသွေးမြှင့်တင်ရေးလုပ်ငန်းများ၊ လူထုမှတ်ပုံတင်ရရှိ ရေး ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှား တားဆီးပေးခြင်းနှင့် အခြားသောလူမှုရေးလုပ်ငန်းများကို ၄င်းတတ်နိုင်သည့် လုပ်ဆောင်ချက်ဘောင်အတွင်းမှ သျှမ်းလူထု ကောင်းကျိုးအတွက် တတ်နိုင်သမျှ လေးနှစ်ကျော်ကာလအတွင်း လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်းကို မျက်မြင်သက်သေများ ပြောကြား ချက်အရလည်းကောင်း၊ အကျိုးခံစားခွင့်ရရှိသည့် ပြည်သူလူထုများ ထုတ်ဖော်ချက်အရလည်းကောင်း သိရကြားရ၏။ ဤအချက်များကို မည်သူကမျှ ငြင်းနိုင်မည်မထင်ပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည် မပြိုင်မည်ဆိုသည်ကို အခုချိန်အထိ ကျားခေါင်းပါတီက ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း သျှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း မြို့နယ်များတို့တွင် ယင်း၏ ပါတီရုံး အမြောက်အမြားဖွင့်လှစ်သည်ကို ကြည့်ခြင်းအားဖြင့် ယင်းသည် လည်း လာမည့်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် အရိပ်အယောင်အလားအလာရှိကြောင်း သျှမ်းနိုင်ငံရေး အကဲခတ် အများစုက ထင်မြင်ချက်ပေး၏။ မြောက်ပိုင်း ရုံးဖွင့်ပွဲ အချို့နေရာတွင် သျှမ်း ပြည်တိုးတက်ရေးပါတီ (SSPP) နာယက ဒုဗိုလ်ချုပ်ကြီး စဝ်ဆေထင်ကိုယ်တိုင် တက်ရောက် အားပေး သဖြင့်ကျားခေါင်းပါတီသည် အခြားသျှမ်းပါတီများထက် သျှမ်းတပ်ဖွဲ့၏ ထောက်ခံမှုကိုပိုမိုရရှိကြောင်း ထင်သာမြင်သာပြသရာရောက်၏။ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းများနှင့်လူငယ် စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပြီး တင်ကြိုမဲဆွယ်သယောင်ယောင်ဆောင်ရွက်နေကြောင်းကို လည်း ပြည်တွင်းမီဒီယာများမှတဆင့် သိရ၏။
၂၀၁၅ ရွေးကောက်ပွဲအတွက် ကျားဖြူပါတီသည်လည်း အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ယင်း၏ လက်ရှိလုပ်ဆောင်ချက်များအရ ဘွင်းဘွင်းရှင်းရှင်း သိရ၏။ သျှမ်းပြည်တလွှား ပါတီရုံးများ ဖွင့်လှစ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း များဆိုင်ရာ သိမှတ်ဖွယ်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ လူငယ်စွမ်းရည်မြှင့် Workshop များပြု လုပ်ခြင်း၊ လူထုအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ မကြုံစဖူးထူးကဲစွာ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် ရွေးကောက်ပွဲအတွက် ရှေ့ပြေးမဲဆွယ်မှုများ ပြုလုပ်လာနေပြီ ဖြစ်ကြောင်း သိရ၏။ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးသည် ယင်း၏ လက်ရှိအဓိက ပန်းတိုင်ဖြစ်ကြောင်း ကျားဖြူပါတီက ပွင့်ပွင့်လင်းလင်း မကွယ်မဝှက် ပြောဆိုထားပြီး ဖြစ်၏။
သျှမ်းအရှေ့ပါတီ၏ ရွေးကောက်ပွဲပြင်ဆင်မှုများကိုတော့ ဘာမှမယ်မယ်ရရ မသိရသေး။ ယင်းပါတီ၏ လက်ကမ်းစာစောင်အရ ပါတီ၏အဓိက ရည်မှန်းချက်များမှာ သျှမ်းပြည်အရှေ့ပိုင်းကို ဖွံ့ဖြိုးတိုးတက် ကြီးပွါးအောင် တက်ကုန်ရွက်ကုန် ကြိုးစားပေးခြင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းရှိ မဲဆန္ဒနယ်တွေမှာသာ ဝင်ရောက် အရွေးကောက်ခံခြင်း ဖြစ်ကြောင်း သိရ၏။ ယင်းပါတီသည် သက်တမ်း နုနယ်လွန်းသဖြင့် ကျားဖြူပါတီနှင့် ကျားခေါင်းပါတီတို့အဖို့ ပြိုင်ဖက်အဖြစ် သတ်မှတ်ရန် အဆင့်မီဖို့ အများကြီး လိုသေးကြောင်း ပါတီကြီးနှစ်ခု အတွင်းသတင်းများအရ သိရ၏။ ကျားခေါင်းပါတီကို ဝန်းရံပေးမည် ဖြစ်ကြောင်း ပြောဆိုထားသည့်အတွက်လည်း ကျားဖြူပါတီအဖို့ အဖြူအမည်း သဲသဲကွဲကွဲ သိသွားရတာ အမြတ်တစ်ခု ဖြစ်ခဲ့၏။
သျှမ်းနိုင်ငံရေးပါတီ သုံးခုကြောင့် သျှမ်းလူထုတွေ ၂၀၁၅ရွေးကောက်ပွဲတွင် မည်သည့်ပါတီအား မဲပေးရွေးချယ်ရမည် ဆိုသည့်အပေါ် ဝေခွဲမရ ဇဝေဇဝါ ဖြစ်ခဲ့ရသည်ဆိုလည်း ဖြစ်လောက်ပါ၏။ ပါတီကြီးနှစ်ခု၏ နိုင်ငံရေး ချည်းကပ်ပုံချည်းကပ်နည်းက တပါတီနှင့် တပါတီ လုံးဝကွဲပြားခြားနား၏။ တပါတီက ခပ်တင်းတင်းနည်းသုံးပြီး နောက်တပါတီက ခပ်ပျော့ပျော့နည်းဖြင့် ချည်းကပ်၏။ ပါတီသစ်က မည်သည့်နည်း သုံးမည်ကို မသိရသေးပေ။ သျှမ်းလူထုအများစု မျှော်လင့်ချက်ထားသည့် ကျားခေါင်းပါတီကြီးကလည်း ရွေးကောက်ပွဲ ဝင်ပြိုင် မပြိုင် ဆိုသည်ကို အခုထိ ထုတ်ဖော်ပြောဆိုခြင်း မပြုသဖြင့် သျှမ်းလူထုအဖို့ ဆုံးဖြတ်ရ ခက်စေ၏။စဉ်းစားရ ကြပ်စေ၏။ ဒွိဟ မရေမရာဖြစ်စေ၏။ မသေမချာဖြစ်စေ၏။ မိုးလွန်မှ ထွန်မချခြင်းမျိုး မဖြစ်ပါစေနှင့်သာ ဆုတောင်း ပေးလိုက်ပါ၏။
ကဲ ….. သင် မည့်သည့်ပါတီကို ရွေးပြီး မဲပေးမည်နည်း။ မည်သူကမျှ သင်ရဲ့ ရွေးချယ်မှုကို ဝင်ရောက် စွက်ဖက်မည်မဟုတ်။ လွှမ်းမိုးမည်မဟုတ်။ လမ်းညွှန်ပေးမည်မဟုတ်။ သင်ကိုယ်တိုင်သာ သင်ရဲ့ ပဲ့ထိန်းပဲ့ကိုင် ပိုင်ရှင်အမှန်ဖြစ်၏။ မည်သည့်ပါတီက လူထုအကျိုး ပိုမိုသယ်ပိုး ထမ်းရွက်မည်နည်း။ မည်သည့်ပါတီက မိမိရဲ့ အသဲကြားက မဲတစ်ပြားနှင့် ထိုက်တန်မည်နည်း ဆိုသည်ကို မကြာမီ သင်ကိုယ် တိုင် ရွေးချယ် ဆုံးဖြတ်ရပါလိမ့်မည်။ အရွေးမမှားဖို့ အခုကစပြီး မျက်စိဖွင့် နားစွင့်လို့ သျှမ်းပါတီတွေ ရဲ့ လှုပ်ရှားမှုများကို မလွှတ်တမ်း အနီးကပ် စောင့်ကြည့်ကြပါစို့ဟု ဆိုလိုက်ပါ၏။
စစ်မင်း
၂၀၁၅ခုနှစ်၊ ဂျွန်လ (၂၄)ရက်
Tags: Feature