ပင်လုံ အခြေခံ ဖယ်ဒရယ်မူ အတွက် ရည်ရွယ် သည့် ရွေးကောက်ပွဲ သင်တန်း သျှမ်း လူငယ်များ ဖွင့်လှစ်



ပင်လုံစာချုပ်ကိုအခြေခံသော ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် သျှမ်းပြည်လူငယ်များအဖွဲ့ SSYNC က ဦးဆောင်ကာ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတပေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

SSYNC က ဦးဆောင်သည့် ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတပေးသင်တန်း

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် သျှမ်းပြည်တိုးတက်ရေးပါတီဌာနချုပ်ဝမ့်ဟိုင်း၌ ဖွင့်လှစ် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းတက်ရောက်သူ ၅၀ ကျော်ရှိကြောင်း သျှမ်းပြည်လူငယ်များအဖွဲ့ အထွေထွေ အတွင်း ရေးမှူး စိုင်းအိုက်ဟင်ဆိုင် ကပြောသည်။


“ သင်တန်းရည်ရွယ်ချက်က ၃ ရပ်ရှိပါတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တော့ လူထုကိုပြန်လည်ရှင်းလင်းပို့ချပေးမယ့်လူ အနည်းဆုံး  တမြို့နယ် ၃ ယောက် ရှိအောင်၊ လူငယ်တွေ ပင်လုံစာချုပ်ကိုအခြေခံတဲ့ ဖယ်ဒရယ်မူပေါ်ပေါက်လာရေး တတပ်တအားပါဝင်ဆောင်ရွက်နိုင်အောင်နဲ့ သင်တန်းဆင်းလူငယ်တွေ ရွေးကောက်ပွဲကျရင် ရပ်ရွာထဲမှာ ရွာသားတွေအတွက် မျက်စိဖြစ် နားဖြစ်ပေး နိုင်အောင်လို့ပါ” ဟု ဆိုပါသည်။


သင်တန်းတွင်  SSPP/SSA   အတွင်းရေးမှူး စဝ်ခွန်ဆိုင် ၊ သျှမ်းစာပေပညာရှင်ဆရာစိုင်းဖှ၊  SNLD က ပြောခွင့်ရစိုင်းလိတ်နှင့် SSYNC အထွေထွေအတွင်းရေးမှူး စိုင်းအိုက်ဟင်ဆိုင်တို့ အမှာစကားများ ပြောကြားသွားခဲ့သည်။


သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင်  SNLD ပြောခွင့်ရ စိုင်းလိတ်က “ လူထု အားလုံးလက်တွဲပါဝင်မှ နိုင်ငံတိုးတက်မယ်။ ပါတီ၊ စစ်တပ်၊ လူထု သုံးဘက်သုံးတန် တက်ညီလက်ညီ လက်တွဲပူးပေါင်းမှသာ ပန်းတိုင် ကို ရောက်နိုင်ပါမယ်။ စစ်တပ်ရော လူငယ်တွေပါ ဘက်မလိုက်ဘူးဆိုတဲ့ စကားအတိုင်းသွားမယ်ဆိုရင် ကျနော့်အနေနဲ့ မသင့်လျော်သေးဘူးလို့မြင်ပါတယ်။ ဟုတ်ပါတယ်။ တရားမျှတတဲ့ဘက်ကို လိုက်ရပါမယ်” ဟု ပြောဆိုခဲ့သည်။


သင်တန်းပို့ချပေးခဲ့သည့်ဆရာများမှာလည်း မိုင်းရယ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် ၊ ကျောက်မဲမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းသန်းမောင် ၊ မိုင်းရယ်မြို့ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်စိုင်းစံဖေ၊  SNLD နိုင်ငံခြားဆက်ဆံရေးနှင့်ပညာရေးဌာနမှူး စိုင်းဆာမ်ဖွန်ဆိုင်တို့ ဖြစ်ကြောင်း သိရသည်။


သင်တန်းတွင် လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ ပင်လုံစာချုပ်အခြေခံသော ဖယ်ဒရယ်မူ၊ ရွေး ကောက်ပွဲဆိုင်ရာ ဗဟုသုတ၊ သင်တန်းပေးနည်း စသည်တို့ ပါဝင်ပြီး ၂၂ ရက်နေ့မှစတင်ကာ ၁၀ ရက် ကြာ ကျင်းပမည်ဖြစ်ပါသည်။


သင်တန်းသားများကို မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရှူး၊ ကျေးသီး၊ ရွှေလီ ဒေသဘက်မှ တမြို့နယ်လျှင် ၃ ဦးစီခေါ်ယူသင်တန်းပေးကြောင်း၊ SSYNC အနေဖြင့် ရွေးကောက်ပွဲ စောင့် ကြည့်ရေးနှင့်ပတ်သက်သည့်သင်တန်း (ယခုတကြိမ်အပါအဝင်) ၇ ကြိမ် ပြုလုပ်ပေးလာ ခဲ့ပြီးဖြစ် ကြောင်း နှင့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသည်အထိ ၁၅ ကြိမ်ပြုလုပ်ဖို့စီစဉ်ထား ကြောင်း သင်တန်းဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုသူ စိုင်းအိုက်ဟင်ဆိုင်က သျှမ်းသံတော်ဆင့်အား ရှင်းပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates