အပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန် NCCT နှင့် UPWC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံ
တနိုင်ငံလုံးအပစ်ရပ်ရေးပိုမိုလွယ်ကူလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားဘက်မှ NCCT နှင့် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံဆွေးနွေးပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက်ရှိ Woodfield Resort တွင် ဂျွန်လ ၁၁ ရက် မွန်းတည့် ချိန်တွင် တွေ့ဆုံကြပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးရန် စာချုပ် မူကြမ်းမှ ထပ်မံပြင်ဆင်လိုကြသည့် အချက် ၁၅ ချက်အပြင် NCCT အဖွဲ့ဝင်အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် အစရှိ အချက်များကို ဆွေးနွေးသွားမည်ဟု သိရသည်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက - “ အဓိကကတော့ ကျနော်တို့အပစ်အခတ်ရပ်စဲရေးမှာ အားလုံးပါဝင်နိုင်ဖို့ အဓိကထား ဆွေးနွေး မယ်။ လက်မှတ်ရေးထိုးတဲ့နေရာမှာလည်း ၂ ဖက်အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်နိုင်ဖို့ဖြစ် တယ်။ တပြည်လုံးအပစ်ရပ်စဲရေးလုပ်တဲ့နေရာမှာလဲ အသိသက်သေအဖြစ် ပြည်ပက အင်အား ခပ်ကြီးကြီးအဖွဲ့အစည်းတွေ အာဆီယံအဖွဲ့တွေလည်း ပါဝင်လာဖို့ဖြစ်တယ်” ဟု သတင်း ထောက်များအား ပြောသည်။
သို့သော် ဂျွန်လ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ လော်ခီးလာတွင် ကျင်းပခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များထိပ်သီးညီလာခံမှ ဖွဲ့စည်းလိုက်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့EAOSDCN အနေဖြင့် ဆွေးနွေးခြင်း မဟုတ် ပေ။
တိုင်းရင်းသားအဖွဲ့ NCCT မှ နိုင်ဟံသာ ဦးဆောင်သည့် ဗဒိုကွယ်ထူးဝင်းနှင့်အတူ ၈ ယောက်ပါ အဖွဲ့ဖြစ်ပြီး UPWC အစိုးရဘက်မှ ဦးလှမောင်ရွှေ ဦးဆောင်သည့် ဦးတင်မောင်သန်း၊ ဦးညိုအုန်းမြင့်၊ ဒေါက်တာ မင်းဇော်ဦး တို့ပါဝင်သော ၆ ယောက်ပါအဖွဲ့တို့ ဆွေးနွေးကြပါသည်။
ထို့ပြင် EAOSDCN က NCCT နေရာတွင် အစားထိုး အလုပ်လုပ်မည်ဆိုပါက တပ်မတော် ဘက်မှ ပါဝင်မည့် အလားအလာမရှိကြောင်းလည်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။
Tags: News, politic


