ပြည်နယ်/တိုင်း ၀န်ကြီးချုပ်များအား ကိုယ်တိုင်ရွေးချယ်တင်မြောက်မှု ကန့်ကွက်ခံရ



ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ် တော်များမှကိုယ်စားလှယ်များ၏ ဆန္ဒဖြင့်ရွေးကောက်တင်မြောက်ရန်-ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းပါ ပြင်ဆင်ချက်အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်လိုက်ပါသည်။



ဂျူလိုင်လ ၁ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ပုဒ်မများနှင့် ပတ်သက်၍ဆွေးနွေးရာတွင် ကိုယ်စားလှယ် ၂၈ ဦးက ဆွေးနွေးခဲ့ကြပြီး အများစုက လက်ရှိ ဥပဒေပါ အချက်အားပြင်ဆင်ရန် သဘောဆန္ဒရှိခဲ့သော်လည်း တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးစလုံးမှ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကျော်နိုင်က -“ကမ္ဘာ့နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံရဲ့ ဖြစ်တည်မှု လူမျိုးကိုးကွယ်ရာဘာသာတွေအပေါ် အခြေခံပြီး မိမိ တို့နိုင်ငံနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ရေးဆွဲထားတယ်ဆိုတာပေါ်လွင်ထင်ရှားပါ တယ်။ ဒီကနေ့ အချိန်ဟာ ထာဝရ ငြိမ်းချမ်းရေးအကောင်ထည်ဖော်ဖို့အတွက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းနေချိန်ဖြစ်တယ်။ အပစ်ခတ်ရပ်စဲရေး ဆွေး နွေးပြီး နောက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်။  ၀န်ကြီး ချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းဒေသကြီး တွေက လွှတ်တော် ကိုယ်စား လှယ် တွေရဲ့ ဆန္ဒနဲ့ အညီ တင်မြောက်မယ် ရွေးချယ် ခန့်အပ် မယ်ဆိုရင် တချို့နေရာဒေသတွေမှာ အဖွဲ့အစည်း တွေရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် မျှတမှုမရှိတဲ့ ရွေးချယ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါ တယ်။ စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး ထာဝရ ငြိမ်းချမ်းရေးအပေါ် အကျိုးသက် ရောက်မှုတွေရှိ လာမှာ ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတရဲ့ ဆန္ဒနဲ့ အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကသာ ခန့်အပ်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်း ဆက်လက်ထားရှိဖို့ ဆန္ဒပြုလိုပါတယ်။ ”  ဟု ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။


လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ ပြည်နယ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ် များမှာ သမ္မတ၏ သဘောဆန္ဒဖြင့်သာ ရွေးချယ်နေခြင်းဖြစ်ပြီး အရပ်သား ကိုယ်စားလှယ်ဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်စေ ၄င်း၏ စိတ်ဆန္ဒရှိပါက တင်မြှောက် ခွင့်ရှိနေခြင်း ဖြစ်သည်။

လက်ရှိ ဥပဒေပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်နယ်အုပ်ချုပ်ရေး ဦးစီး ဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်ဟု ဖော်ပြထားပြီး ၄င်းမှာ ပြည်ထဲရေး ၀န်ကြီးဌာန၏ လက်အောက်တွင် ရှိ သဖြင့် တပ်မတော်၏ လက်အောက်တွင်ရှိသကဲ့သို့ ဖြစ်နေသည်။

နှစ် ၆၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြသနာကိုပြန်ကြည့်ပါက တိုင်းရင်း သားများ အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် တန်းတူအခွင့်ရေးများအတွက် လက်နက်စွဲကိုင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ဒေသအား မိမိတို့မှ အုပ်ချုပ်ခွင့်ဆိုသည့် အချက်မှာလည်း အခရာကျသည့် အနေအထားတွင် ရှိနေခဲ့သည်။

ယခုဆွေးနွေးမှုမှာ ဆွေးနွေးမှုသာ ဖြစ်သော်လည်း တပ်မတော်သား ကိုယ်စားလှယ် အများအပြားက မူလအတိုင်း သာထားရှိရန် ကန့်ကွက်မှုများကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်းရှုံးနိမ့်ရန် သေချာ သ လောက်ရှိနေပြီဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေးစသည့် ကဏ္ဍများတွင် တပ်မတော်၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု လည်း ၄င်းက ပြောသည်။

“အခုပြန်ကြည့်လိုက်မယ်ဆိုရင် တပ်မတော်အနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ဘာမှအဆင်သင့် မဖြစ်ဘူး။ ပြည်ခိုင်ဖြိုးက တချို့တောင် ပြည်နယ်ဝန်ကြီးချုပ် တိုင်းဝန်ကြီးချုပ်ကိစ္စကို ထောက်ခံတာ တွေ့ ရတာ။ အခု ဆွေးနွေး ပြီးသလောက်ပြန်သုံးသပ်ရရင် ဘာမှ ရေရေရာရာ ပြင်ဆင်ဖို့ မရှိသေးတဲ့ အတွက် တပ်မတော်အနေနဲ့ နောက် ၅ နှစ်လောက် ဆက်ပြီး အုပ်ချုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။”   ဟု မှတ်ချက်ပြုသည်။

ယင်းအပြင်   ပန်ဆန်းတွင်   ညီလာခံမှ  ဖွဲ့စည်းပုံ အခြေခံ  ဥပဒေအား ပြင်ဆင်ပေးရန် ဟူသည့် အချက် ဆွေးနွေး ခဲ့သော်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်ခဲနေသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား တည်ဆောက်ရန် ကြိုးစားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ နှောင့်နှေးသွားပြီဖြစ်ကြောင်း စိုင်းလိတ်က သုံးသပ်သည်။

ဂျူလိုင်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုအတွက် ပုဒ်မ ၄၃၆ (ခ) နှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် သျှမ်းလွှတ်တော်ကိုယ်စားလှယ်များအပါဝင်  ကိုယ်စားလှယ် ၂၈ ဦးမှ ပြင်ဆင်ရန် အချက် ၄၃ ချက်အား ဆွေးနွေးခဲ့ကြရာတွင် တပ်မတော်သားကိုယ်စားလှယ်များက တချက်မှ မပြင်ရန် ကန့်ကွက်ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) ကို အသုံးပြုပြီး ပြင်ဆင်ရမည့် ပုဒ်မများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုဖြင့်သာပြင်ဆင်နိုင် သဖြင့် ဥပဒေအရဆိုလျှင် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံချက်လိုအပ်မည် ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates