၄၉ ကြိမ်မြောက် အာရှ ကာယဗလ ပြိုင်ပွဲ ဝင်ရန် သျှမ်းလူငယ် ၂ ဦး အရွေးခံရ
လာမည့် စက်တင်ဘာလ အတွင်း ဥဇပေကစ္စတန် နိုင်ငံတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် အာရှ ကာယဗလပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် ကာယကြံ့ခိုင်မှု အားကစားသမား သျှမ်းလူငယ် ၂ ဦး ရွေးချယ်ထားခြင်း ခံရကြောင်း သိရသည်။
ပြိုင်ပွဲဝင်နေဆဲ နန်းလောင်ဝ်ခမ်း နှင့် စိုင်းချစ်ငွေ |
ဥဇပေကစ္စတန်နိုင်ငံ Tashkent မြို့တွင် ကျင်းပမည့် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ နိုင်ငံ ကာယဗလအဖွဲ့ချုပ်မှ ကာယကြံ့ခိုင်မှု ပြည့်ဝသူ ၅ ဦး၏ အမည်စာရင်းကို ရွေးချယ်ရာ ရွှေမန်းမောင်ဆုရှင် စိုင်းချစ်ငွေနှင့် ကာယကြံ့ခိုင်မှုအလှမယ် နန်းလောင်ဝ်ခမ်းတို့ ပါဝင်ပါသည်။
“အခု ကျနော်တို့ မြန်မာနိုင်ငံ ကာယဗလအဖွဲ့ချုပ်မှာ စခန်းဝင်လေ့ကျင့်နေပါတယ်။ စခန်း ဝင်လေ့ ကျင့်နေတဲ့ ကစားသမားတစ်ဦးကို ကာယဗလအဖွဲ့ချုပ်က တစ်လ ၃ သိန်း (တစ် ရက် ၁ သောင်း နှုန်း) နဲ့ကျွေးနေပါတယ်။ အမဲသား ငါး ကြက်သား တစ်ရက်တစ်မျိုးပေါ့။ ကြက်ဥလဲ တစ်ရက် ၁၅ လုံးလောက် ရပါတယ်။ အသီးတွေလဲ တစ်ရက် တစ်မျိုး ပေးပါ တယ်။ ခွန်အားဖြည့် အာဟာရနဲ့ အားဆေးတွေလဲ ပေးပါတယ်။ သူတို့ပေးတဲ့ အပေါ် မှုတည် ပြီး လိုအပ်တာ တွေကို ကိုယ့်ဟာကိုယ် ဖြည့်ရပါတယ်” - ဟု စိုင်းချစ်ငွေက သျှမ်းသံတော်ဆင့် အား ရှင်းပြသည်။
ကာယကြံ့ခိုင်ရေးသမားများသည် တရက်လျှင် ကြက်ဥအလုံး ၄၀ မှ ၆၀ အထိ စားရသည်ဟု ဆိုပါသည်။
လေ့ကျင့်မှုအပိုင်းတွင်လည်း အနီးကပ်ကြီးကြပ်ပေးသည့်ဆရာရှိကြောင်း၊ မနက်ပိုင်းတွင် ၈ နာရီမှ ၁၁ နာရီ အထိလေ့ကျင့်ရပြီး ညနေပိုင်းတွင်လည်း ညနေ ၃ နာရီခွဲမှ ၆ နာရီခွဲအထိ လေ့ကျင့်ရ ကြောင်း စိုင်းချစ်ငွေက ပြောပြသည်။
“ကျနော့်အနေနဲ့ သျှမ်းလူငယ်မောင်မယ်တွေကို ပြောချင်တာက မိမိဝါသနာ ပါတဲ့ အလုပ်ကို ဇွဲရှိရှိနဲ့ တစိုက်စိုက် မတ်မတ် လုပ်စေချင် ပါတယ်။ မိမိရိုးရာနဲ့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေ ကိုလဲ တတ်စွမ်း သလောက် ပါဝင်ကူညီ ဆောင်ရွက် စေလိုပါတယ်။ မိမိနဲ့ပါတ်သက်တဲ့ လူမှုရေး ဘာသာရေးတွေကို ဝိုင်းဝန်းကူညီ ဆောင်ရွက် စေချင်ပါတယ်။ ရိုးသားကြိုးစားကြ ဖို့ပေါ့နော်” ဟု စိုင်းချစ်ငွေက ပြော သည်။
မိုင်းကုတ်သား စိုင်းဟင်ပေါင်း (ခေါ်) စိုင်းချစ်ငွေ သည် ရွှေမန်းမောင်ဆုကို ၂၀၀၂ နှင့် ၂၀၁၁မှ ၂၀၁၅ အထိ ပထမဆွတ်ခူးရရှိခဲ့သည်။
မန္တလေးမြို့နေ မူစယ်ဇာတိ နန်းလောင်ဝ်ခမ်းမှာမူ အမျိုးသမီးကာယကြံ့ခိုင်မှုဆုများကို ၂၀၁၃ ခုနှစ် ကတည်းက ဆွတ်ခူးရရှိလာခဲ့သူ ဖြစ်ပါသည်။ လွန်ခဲ့သည့် အောက်တိုဘာ လက ကျင်းပခဲ့ သော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလပြိုင်ပွဲနှင့် မန္တလေး တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် (၅ ပေ ၃ လက်မအောက်) ပထမဆု ဆွတ်ခူးရရှိထားသူ ဖြစ်ပါသည်။
ဥဇပေကစ္စတန်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ ပြန်လည်ရွေး ချယ်ထားသော အားကစား သမား ၅ ဦးမှာ ၁- ထွန်းမင်း (၆၀ ကီလို) ၂- စိုင်းချစ်ငွေ (၆၅ ကီလို) ၃- ညီဖြူ (၇၀ ကီလို) ၄- နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅- ချယ်ရီမောင် (၁၆၅ စင်တီမီတာအောက်)တို့ ဖြစ်သည်ဟု သိရပါသည်။
Tags: General, News