RCSS/SSA ဗဟိုရုံး စိုက်ရန် တောင်းဆို ထားသည့် ဒေသတွင် ၀ တပ် အင်အား ပိုများလာ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဌာနချုပ် နှင့် ကုန်သွယ်ရေးစခန်းအဖြစ် သတ်မှတ်ပေးရန်အစိုးရထံ တောင်းဆိုထားသည့် နယ်မြေတွင် UWSA ၀ တပ်ဖွဲ့မှ ၀င်ရောက် တပ်စခန်းချထားမှုများ ရှိနေကြောင်း RCSS/SSA တာဝန်ရှိသူက ပြောသည်။
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲတွင် ပဏာမ အဆင့် အပစ်စရပ်စဉ်က တည်းက RCSS/SSA အနေဖြင့် မိုင်းထားဒေသအား ဌာနချုပ် နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုန် သွယ်ရေးစခန်းများ အဖြစ် သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့ အား ၀င်ရောက်တပ်စွဲမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
‘‘ ကျနော်တို့ရဲ့ တောင်းဆိုထားချက်ကိုတောင် ပြန်စဉ်းစားရတော့မလို ဖြစ်လာနေပြီ တောင်းဆို လိုက်တဲ့အတွက် မလိုလားအပ်တဲ့ ပြသနာ ပေါ်လာသလို ဖြစ်နေလို့ပါ။ အရင်တုန်းက ၀ တပ်တွေ မရှိဘူး တောင်းလိုက်မှပဲ အဲဒီနယ်တွေထဲ ၀င်လာတယ်လေ၊ ပိုပြီးလည်း များများလာနေတာ တွေ့ရတယ် ’’ ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ဂျူလိုင်လ ၁၁ ရက်နေ့တွင် ပြောသည်။
UWSA ၀ တပ်ဖွဲ့ လက်အောက်ခံ ဝေရှောက်ယင် ဦးဆောင်သည့် အမှတ် ၁၇၁ စစ်ဒေသသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင် အတွင်း ထိုင်းနယ်စပ်တလျှောက် မြန်မာအစိုးရ ၏ သဘောတူညီမှုဖြင့် အခြေချနေထိုင်သည်။
’’ကျနော်တို့ က နဂိုကတည်းက ဒီမှာနေတာပါ။ အခု မှ လာတာမဟုတ်ဘူး။ ဖယ်ဖို့လဲ ဘာအထက် အမိန့်ကျမလာဘူး။ လိုအပ်ချက်အရ အင်အား ထပ်ဖြည့် လာတာတော့ ရှိတယ်လေ။ ဒီလဆန်းပိုင်း တုန်းကပေါ့’’ - ၀ အရာရှိငယ် အိုက်ဆမ် က ပြောသည်။
ဌာနချုပ် ဗဟိုရုံးစိုက်ရန် အတွက် RCSS/SSA မှ မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲနှင့် လင်းခေး ခရိုင် မိုင်းပန်မြို့နယ် ဟိုမိန်းမြို့နယ်ခွဲ တို့အားတောင်းဆိုထားခြင်းဖြစ်သည်။ မိုင်းထား ဒေသ က ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်) ၀ိန်းဟိုင်မြို့နယ် နှင့် ကပ်လျက်တည်ရှိပြီး ဟိုမိန်းမြို့ကမူ ထိုင်းနိုင်ငံနယ်စပ်မြို့ - မယ်ဟောင်ဆောင် ခရိုင် မယ်ဟောင်ဆောင်မြို့နှင့် ကပ်လျက် တည်ရှိ သည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးနေသည့် နိုင်ငံလုံးဆိုင်ရာအ ပစ်ခတ်ရပ်စဲရေး စာချုပ်တွင် မတရားအသင်းနှင့်ဆက်သွယ်မှု ပုဒ်မ ၁၇၊၁ မှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးမှ ပယ်ဖျက်မည်ဖြစ်ပြီး နေရာ သတ်မှတ်မှု များမှာလည်း ယင်းနောက်ပိုင်းမှ စတင်ဆောင်ရွက်ကြမည်ဟု ပါရှိသည်။
သျှမ်းပြည် တပ်မတော် နှင့် မြန်မာအစိုးရ တို့သည် ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဆိုင်ရာ ပြည်ထောင်စု နေ့ လက်မှတ် ရေးထိုးထားသည်။ ထို့အပြင် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရန်လည်း သဘောတူထားသည်။ သို့သော် မြို့တွင်းဝင်ပါက လက်နက်ကိုင် ဆောင်ခြင်း မပြုဘဲ လူထု၊ လူအဖွဲ့အစည်း၊ ပါတီတို့ နှင့်တွေ့ဆုံခြင်း၊ ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်း အစရှိအချက်များမှ လွှဲ၍ အခြားသဘောတူထားသည့် အချက်များ လက်တွဲ အကောင် အထည် ဖေါ်နိုင်ခြင်း မရှိသေးပေ။
Tags: News, War