ပါလီမန် အာဏာရှင် စနစ်အား ဦးတည် စေသည့် မူကြမ်းပါ အချက်များအား ဖွဲ့စည်းပုံတွင် မထည့်သွင်းရန် SNLD လွှတ်တော် အမတ် ဆွေးနွေး



ပါလီမန်အား တဘက်သတ်အားသာစေပြီး ပါလီမန်အာဏာရှင်စနစ်အား ဦးတည် စေနိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းပါ အချက်များ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်ခြင်း မပြုရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။



ဂျူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဆွေးနွေးမှုများတွင် သျှမ်းတိုင်းရင်းသား လွှတ်တော်အမတ်ဖြစ်သည့် ဦးစိုင်းသန့်ဇင်မှ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မူကြမ်းတွင် ပါရှိသည့် အချို့အချက်များမှာ လက်ရှိသွားနေသည့် သမ္မတ အုပ်ချုပ်သည့် စနစ်နှင့် သွေဖီနေပြီး ပါလီမန်ကို အလွန်တရာ အသားပေး ထားသဖြင့် တဘက်နှင့်တဘက် လွတ်လွပ်လပ် အထိန်းအထေ Check and Balance ပြုလုပ်နိုင်မည့်စနစ်ကို ဖျက်ဆီးရာရောက်သဖြင့် ယင်းအချက်များအား ထည့်သွင်းခြင်း မပြုရန် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ဦးစိုင်းသန့်ဇင်က ပြောသည်။

အခုသွားနေတဲ့ စနစ်ကို ကြည့်မယ်ဆိုရင်  လွှတ်တော်တွေ ဖွဲ့စည်းပုံ ကြည့်မယ်ဆိုရင် ပြည်ထောင်စု အဆင့်မှာ  သမ္မတ ဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ၀န်ကြီးချုပ်ကနေ အစိုးရကို ဦးဆောင်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။  အဲဒီလိုအနေထားကနေ တရားရေးတို့ အုပ်ချုပ်ရေးတို့မှာ ပါလီမန်က တအားဝင်ထိန်းနိုင်တဲ့ အခြေနေမျိုးတွေ ဖြစ်လာရင် တဘက်စောင်း နင်းဖြစ်ပြီး Chaeck and balance တွေ လုပ်လို့ မရတော့မှာ စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်။ ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

ဦးစိုင်းသန့်ဇင်အနေဖြင့် မူလအတိုင်းသာ ထားရှိရန် ဆွေးနွေးခဲ့သည့်  သမ္မတနှင့် သက်ဆိုင်သည့် ပုဒ်မများမှာ ပုဒ်မ ၆၂ ၊ ၆၃ ၊ ၆၄ နိုင်ငံတော်သမ္မတသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ် မျှမဖြစ်စေရ၊  ကိုယ်စားလှယ်ဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခံရသည့် နေ့မှစ၍ နှုတ်ထွက်ပြီး အငြိမ်းစားယူပြီးဖြစ်ရမည်။ ပါတီဝင်ဖြစ်လျှင် ရွေးချယ် တင်မြောက် ခံရသည့် နေ့မှစ၍ ပါတီ၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရဟူ၍ မူလ ပြဌာန်းချက်ပါ အချက်များအား ထောက်ခံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတ အနေနဲ့ မူလအတိုင်းပဲ သမ္မတ ဖြစ်တာနဲ့ ပါတီကနေနှုတ်ထွက်ရမယ် ပါတီနဲ့ ခပ်ကင်းကင်း နေရမယ်လေ ပါတီလုပ်ငန်းတွေ ပေးလုပ်နေရင် တဘက်စောင်းနင်း ဖြစ်ကုန်မှာပေါ့ ဟု ယင်းက မှတ်ချက်ပြုသည်။

ယင်းအပြင် ပြည်ထောင်စု ၀န်ကြီးများနှင့် ပတ်သက်၍လည်း ကိုယ်စားလှယ် ဖြစ်ရန် မလိုဟု ဆွေးနွေးခဲ့ပြီး ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်း နှုတ်ထွက်ပြီး ဖြစ်ရမည် ဟူ၍၄င်း ၊ တရားစီရင်ရေးအတွက် တရားသူကြီးချုပ်များကိုလည်း သက်တမ်း ၅ နှစ်အဖြစ် မကန့်သတ်သင့်ပဲ တရားစီရင်ရေး မဏ္ဍိုင် လွတ်လွတ် လပ်လပ် ရှိစေရန် မူလအတိုင်းသာ ထားရှိသင့်အကြောင်းလည်း ဆွေးနွေးခဲ့သည်။ ယင်းအပြင် ပြည်သူများ၏ အခွင့်ရေးဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်မှ ရုပ်သိမ်းခွင့် Rights to Recall နှင့် ပတ်သက်၍လည်း မဲဆန္ဒရှင်၏ အခွင့်ရေးဖြစ်သည့်အတွက် ဆက်လက်ထားရှိသင့်ကြောင်း ဆွေးနွေးခဲ့သည်။

လွှတ်တော်ကနေ တရားသူကြီးတွေရွေးမယ် ၅ နှစ် ဆိုတဲ့ ဟာကလည်း ဆိုးတယ်ဗျ။ တကယ်တော့ တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်လေ လက်ရှိပြုလုပ်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာဆွေးနွေးမှုများတွင် မူကြမ်းမှာ ပါလီမန်စနစ်ကို ဦးတည်စေသည့် အတွက် တပ်မတော်မှ အပြင်းအထန်ကန့်ကွက်နေပုံရကြောင်းလည်း ဦးစိုင်းသန့်ဇင် က မှတ်ချက်ပြုသည်။

အကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် မူကြမ်းပါ အချက်တွေက ပါလီမန်ဘက်ကို တဘက်စောင်းနင်း အကုန်အသားပေးထားတယ် ပါလီမန်ကနေ အကုန်လုံးကို ၀င်ထိန်းချုပ်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ ပုဒ်မတွေတောင်မှ တပ်က ကန့်ကွက်လာတာတွေ့နေရတယ် ဟု ပြောသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဖြစ်သူ ဒေါ်နန်းဝါနုကမူ မူကြမ်းတွင်ပါရှိသည့် ဇယား (၂) နှင့် ဇယား (၅) ဥပဒေပြုခွင့်နှင့် အခွန်ကောက်ခံခွင့်များတွင် ဗဟိုချုပ်ကိုင်မှုများ လျှော့ချလိုသည်ကို တွေ့ရသည့် အတွက် ၀မ်းသာကြောင်းနှင့် သို့သော် ပြည်ထောင်စု က ပြဌာန်းထားသည့် ဥပဒေနှင့် အညီဟု ပါဝင်သဖြင့် ပေးကားပေး၏ မရဆိုသလို ဖြစ်နေပြီး သယံဇာတ အရင်းမြစ် ခွဲဝေရေးကိုပါ ထည့်သွင်းကာ ပြည်ထောင်စုမှ ပြဌာန်းထားသည့် ဥပဒေနှင့် အညီဆိုသည်ကို ဖြုတ်သင့်ကြောင်း ပြောဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates