အနောက်တိုင်း အလှူရှင်ဖြင့် သျှမ်း ကျေးလက် ဒေသခံများ သံကြိုး တံတားများ တည်ဆောက် ဖွင့်လှစ်



သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်- လဲချား - ပင်လုံ - မိုးနဲ မြို့နယ်  လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ စေရန် အနောက်တိုင်း အလှူရှင်များ ထံမှ သံဘောင်၊ သံကြိုးများ လက်ခံကာ ကိုယ်ထူ ကိုယ်ထ လုပ်အားဖြင့် တည်ဆောက် ခဲ့သည်ဟု သိရသည်။



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာအုပ်စု၊ လင်းခေး ခရိုင် မိုင်းနဲမြို့နယ် နားစံကျေးရွာ အုပ်စု ပန်အူကျေးရွာဘက်တွင် ဒေသခံလူငယ် ဦးဆောင် စည်းရုံးမှုဖြင့် သံကြိုး တံတား တည်ဆောက် ပြီးစီး၍  ဖွင့်လှစ်ကာ အသုံးပြုနေပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

မိုင်းကိုင်မြို့နယ် တုံလော အရှေ့ဘက် ၃ မိုင်ကွာ နမ့်လောဝ်းချောင်းကူးသည့် (တွန်ကျိုင်း - တုံလောဝ်) တံတားအား ဂျွန် ၁၈ ရက်က လည်းကောင်း၊ မိုးနဲမြို့နယ် ပန်အူ ကျေးရွာရှိကြိုး တံတားအား ဂျွန်လ နှောင်းပိုင်းကလည်းကောင်း ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ဒီဘက်က အရမ်းအခက်အခဲဖြစ်တယ်။ မိုးတွင်းဆိုရင် ဒီနမ့်လောဝ်းချောင်းက ရေစီးတအား သန်တယ်။ ဒီက ကလေးတွေ လေးတန်းပြီးရင် တုံလောမှာငါးတန်းသွားတက် ဖို့ အခွင့်အရေး ဆုံးရှုံးတယ်။ သွားလာရေး မှ မလွယ်တာ။  ၄ တန်းကိုဘဲ နှစ်နှစ် သုံးနှစ်ပြန် တက်ပြီး ကျောင်းထွက်သွားကြတယ်။ အခု ဒီတံတား လာဆောက် ပေးတော့ ကျောင်းဆက် တက်နိုင်ဖို့ အခွင့်အလှမ်းလေး ရသွားတာပေါ့ ” - ဟု တံတား အသုံးပြုသူ ဒေသခံ စိုင်းလျဲန်းက ပြောသည်။

ဟိုခိုင်း၊ နောင်လိုင်၊ ဟမ်းငိုင်း၊ ပန်လော့ စသည့်ကျေးရွာအုပ်စုအတွင်းမှ ရွာသားများ သွား လာ ရေးအတွက်  အဆိုပါ တွန်ကျိုင်း တံတားအား အဓိက အသုံးပြု နေကြသည်ဟု ဆိုသည်။

“သံကြိုး၊ သံပြားအခင်း၊ သံတိုင်တွေက အနောက်တိုင်းက ပညာရှင်တွေလှူတယ်။ လိုအပ်တဲ့ ဘိလပ်မြေနဲ့တခြား ပစ္စည်းအသေးအမွှားတွေက လွှတ်တော်ရံပုံငွေ သိန်း ၅၀ ဆိုတဲ့ဟာကို သုံးစွဲခွင့်ပြုတယ်။ ဒေသခံလူထုတော့ လုပ်အားပေါ့” - ဟု တံတားဖြစ်မြောက်ရေးတွင် ပါဝင် ဦးဆောင်သည့် စိုင်းမွန်း ကပြောသည်။

ကိုယ်ထူကိုယ်ထ ကြိုးတံတားတခု တည်ဆောက်ရေးအတွက် တည်ဆောက်ရေးလုပ်အား အနည်းဆုံး ၃၀ အထက်၊ ငွေအား ကျပ်သိန်း ၅၀ နှင့်အထက် ဒေသခံဘက်က အဆင်သင့်ရှိ ရကြောင်း၊ တံတားတည်ဆောက်မည့် နေရာတွင် ချောင်းဧရိယာ အကျယ်ပေ ၁၀၀ ဝန်းကျင် ခန့် ရှိရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များပြည့်စုံပါက -အနောက်တိုင်းအလှူရှင်ထံ လိုအပ် သည့် သံတိုင်၊ သံကြိုး၊ အခင်းအောက်ခံ သံချောင်း၊ အခင်းသံပြား (ပေ ၅ x ၆ )များ  တင်ပြ တောင်းဆိုရကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် အဆိုပါပစ္စည်းများအား ဒေသခံများ၏ စရိတ် ဖြင့်သာ မိမိအစီအစဉ်ဖြင့်သွားရောက်သယ်ယူရကြောင်း -အဆိုပါတံတား ဖြစ် မြောက်ရေးစေတနာ့ဝန်ထမ်း စိုင်းမွန်းက ဤကဲ့သို့ပြောပြသည်။

“အလှူရှင်က နိုင်ငံခြားသား။ အသက် ၄၇ လောက်ရှိမယ်။ သူလဲ ပိုက်ဆံရှိလို့တော့ မဟုတ် ဘူး။ တံတား တည်ဆောက်ရေးအတွက် သူလဲလိုက်ပြီး အလှူခံတယ်။  သံထည်တွေ က အီတလီ၊ အာဂျင်ဒီးနား ၊ မက္ကဆီကို၊ ဆွီစလန် စတဲ့နိုင်ငံတွေက အလှူရှင်တွေက ပေးလှူတယ်။ တံတားတည်ဆောက်လိုတဲ့ဒေသခံ တွေက အဲဒီသံထည်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆင်မလိုက်သင်္ဘောကျင်းမှာ သွားယူရတယ်” - ဟု ပြောသည်။

မြန်မာနိုင်ငံသို့ အဆိုပါ စေတနာရှင် နိုင်ငံခြားသားများ ဝင်ရောက်လာသည့် ၅-၆ နှစ်အတွင်း အဆိုပါတံတားမျိုး အစင်းပေါင်း ၇၀ ကျော် တည်ဆောက်ပြီးစီးပြီးဖြစ်ကြောင်း၊ ဧရာဝတီတိုင်း အတွင်း အများဆုံးဖြစ် ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

သျှမ်းပြည်တဝှမ်းတွင် မိုင်းကိုင်မြို့နယ် (၄) စင်း၊ လဲချား ၁ စင်း၊ မိုင်းပွန် ၁ စင်း၊ နမ္မတူ (မိုင်းယင်) ၁ စင်း၊ သိန္နီ ၂ စင်း၊ ပင်လုံ၊ ဆီဆိုင် ၂ စင်း၊ ကျောက်တလုံး ၁ စင်း နှင့် မိုးနဲမြို့ နယ်အတွင်း ၁ စင်း တည်ဆောက်ခဲ့ပြီးဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates