၈ လေးလုံး အထိမ်းအမှတ် သျှမ်း/မြောက် လားရှိုးတွင် သျှမ်းသမိုင်းနှင့် စာပေအကြောင်း ဟောပြော ပွဲကျင်းပ



သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ သျှမ်းစာပေ ယဉ်ကျေးမှု ခန်းမ၌  ၈ လေးလုံး အထိမ်းအမှတ် အဖြစ် သျှမ်း စာပေပညာရှင် စိုင်းဖှက သျှမ်းသမိုင်းနှင့် စာပေတို့နှင့် ပတ်သက်သော စာပေဟောပြောပွဲတရပ် ကျင်းပကြောင်း သိရသည်။


အဆိုပါ စာပေဟောပြောပွဲကို ၈ လေးလုံးလေး အထိမ်းအမှတ်အဖြစ် သြဂတ်စ် ၈ ရက်နေ့က ကျင်းပရာ  လားရှိုး မှ တက္ကသိုလ် လူငယ်များနှင့် ဆရာ/ဆရာမများ ၊ လူမှု အဖွဲ့အစည်းများ ၊ လာရှိုးသျှမ်းစာပေ ယဉ်ကျေး မှုအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း တက်ရောက်သူ အင်အား ၂၀၀ ခန့်ရှိကြောင်း သိရသည်။


 “စာပေ ဟောပြောပွဲကို  ၈ လေးလုံး အထိမ်းအမှတ် ဖြစ်အောင် တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်တယ်လို့ ဆရာကြီး  လုံးဖှက လားရှိုးမှာ မိန့်ခွန်းပြောခဲ့တယ်” ဟု ဟောပြောပွဲ တက်ရောက်ခဲ့သည့် စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောသည်။


စာပေ ဟောပြောပွဲတွင် ၈ လေးလုံးနှင့် ပတ်သက်သည့် အကြောင်းအရာများ ၊ နိုင်ငံရေး ၊ မဆလ အကြောင်း ၊ ၁၉၄၇ အကြောင်း ၊ စဝ်ဆေခန်ဖှ သမိုင်းကြောင်း ၊ စာပေနှင့်လူမှု အဖွဲ့အစည်းအကြောင်း ၃ နာရီကြာ ဟောပြော သွားကြောင်း သိရသည်။


“လုံးစိုင်းဖှ ဟောပြောပွဲမှာ ပြောသွားတာ ကတော့-  စကားပြောတဲ့ နေရာမှာ ကိုယ့်ဘာသာစကား မပြော ဘဲ သူများဘာသာစကားကို ကြားညှပ်ပြီးပြောကြတယ်။ ကိုယ့်ဘာသာ စကားမရှိဘူးလားပေါ့ ။ လူငယ် တွေ စဉ်းစားသင့်တယ် ” ဟု ဟောပြောပွဲတွင် လုံးစိုင်းဖ ကပြောသွားကြောင်း စိုင်းလိတ်က ဆိုပါသည်။


စဝ်ဆေခန်ဖှ လက်ထက်မီ ယနေ့ခေတ်အထိ သျှမ်းစာပေ အဆင့်ဆင့် ပြောင်းလဲလာပုံ ၊ မိမိ စာပေအပေါ်    ခေတ်သစ် သျှမ်းလူငယ်များ မည်မျှအလေးထားပုံ တို့ကိုပါ ရှင်းပြ သွားကြောင်း ဆိုပါသည်။

 
ကနေ့ခေတ် သျှမ်းစာပေအပေါ် ဘယ်လို သဘောထားသလဲ မိမိကိုယ်ကို ပြန်ဆန်းစစ်ဖို့ လိုတယ်။ မိခင် ဘာသာစကား မိခင်စာပေကို မပြောချင် မသုံးချင်တာဟာ ကိုယ့်လူမျိုးတွက်  အားနည်းချက်တွေဘဲ - ဟု လည်း ဆရာစိုင်းဖှက ပြောဆိုကြောင်း သိရပါသည်။


သျှမ်းစာပေပညာရှင် ဆရာစိုင်းဖှသည် သျှမ်းစာပေ ပျံ့ပွါးရေးအတွက် သျှမ်းပြည်အတွင်း ပညာရေး အခွင့် အလှမ်းနည်းပါးသော နေရာဒေသများ ခက်ခဲကြမ်းတမ်းသော ဒေသများသို့သွားကာ စေတနာ ထက်သန်စွာဖြင့် သျှမ်းစာပေ သင်ကြားပေးခဲ့သည်။ သျှမ်းလူထု၏ လေးစားမှုကိုခံရကာ သျှမ်းစာပေ ပညာရှင်အဖြစ် သတ်မှတ်ခံရသော ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။  






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates