ရေဘေးသင့် သူများအား ကူညီရန်အတွက် မူစယ်တွင် နာမည်ကြီး တိုင်းရင်းသား အနုပညာရှင်များမှ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပ



သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းနောင်မို ရပ်ကွက် မိုးလုံလေလုံ အားကစားကွင်း၌ ရေဘေးသင့် ဒုက္ခသည်များကို ကူညီရန် အတွက် နာမည်ကြီး သျှမ်းအဆိုတော်နှင့် အနုပညာရှင် အပါအဝင် တိုင်းရင်းသား အနုပညာရှင် တစ်ချို့က  သီချင်း ဖျော်ဖြေ ရံပုံငွေရှာခဲ့ကြောင်း သိရသည်။


အဆိုပါ ဖျော်ဖြေပွဲကို သြဂတ်စ် ၈ ရက်နေ့က ကျင်းပရာ သျှမ်းအနုပညာရှင် အားလုံးနီးပါး ပါဝင်ပြီး ကချင် ၊ တအာန်း နှင့် ပအိုဝ်း အနုပညာရှင်များလည်း ပါဝင် အားဖြည့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။


“ဌာနဆိုင်ရာ နဲ့ ခရက တို့လည်း ၂ သိန်း ၃ သိန်းလောက် လာရောက် ကူညီကြတယ်။ တစ်ချို့လည်း ၅သိန်း ၁၀ သိန်းလှူတာတွေလည်း ရှိတယ်”  ပါဝင်လှုပ်ရှားသူလူငယ် စိုင်းအိုက်စိုင်း ကပြောသည်။
ဖျော်ဖြေပွဲမှ ရလာသည့် ငွေကျပ်   ၅၉ သိန်းကျော်ရှိပြီး  တရုတ်ယွမ်ငွေလည်း  ၂၆၀၀ ရရှိကြောင်း သိရသည်။


လက်ရှိ အခြေအနေတွင် ပြည်ထောင်စုတဝှမ်း တိုင်းနှင့်ပြည်နယ် ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးသင့်နေ သကဲ့ သို့ သျှမ်းပြည် အရှေ့ပိုင်းတွင်လည်း ဆိုးရွားစွာ ရေဘေးသင့် နေသဖြင့် ရရှိလာငွေများကို မျှဝေကာကူညီထောက် ပံ့ပေးသွားဖို့ရှိကြောင်း ၊ သို့သော် မည်ရွေ့မည်မျှ ဆိုသည်ကိုမူ မဆုံးဖြတ်ရသေးကြောင်း လူငယ်အဖွဲ့က ဆိုပါ သည်။


"သျှမ်းပြည်က ရေဘေးကြုံရတဲ့ ပြည်သူတွေ ကူညီဖို့ ကျနော်တို့ ဘက်တော့ အဆင်သင့်ဖြစ်ပြီ။ ကျနော်တို့ ကိုယ်တိုင် ကူညီထောက်ပံ့မှု သွားပေးချင်ပါတယ်။ တကယ် သွားနိုင်မလားဆိုတာ ထပ်ပြီး စီစဉ်ရမှာပါ။ တကယ့် အခက်အခဲ ရင်ဆိုင်နေရတဲ့ ရေဘေးဒုက္ခသည်တွေ လက်ထဲအရောက် ပို့ပေးချင်တယ်။"  လူငယ် စိုင်းလိတ်ကလည်း ပြောသည်။


 သျှမ်းပြည် အရှေ့ပိုင်း  မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် လည်းကောင်း ၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နှင့် ပါလျောင်း ကျိန်းလပ် အုပ်စုတို့တွင်လည်းကောင်း ဂျူလိုင်လနှောင်းနှင့် သြဂတ်စ်လဆန်းက မိုးအဆက်အပြတ် ရွာသွန်းမှု တို့ကြောင့် တောင်ကျ ချောင်းရေလျှံကာ ရေကြီးရေလျှံမှု ဖြစ်ပွါးခဲ့သည်။


လယ်ယာ မြေဧက ပေါင်းမြောက်များစွာ ပျက်စီးခဲ့ရပြီး အိမ်ခြေပေါင်း ရာကျော်မှာ ပျက်စီးခဲ့သည်။ လူ ၄ ဦးထက် မနည်း ရေနှင့်မျှောပါ သေဆုံးခဲ့ပါသည်။ ပြန်လည် ထူထောင်ရေးအတွက်  ယနေ့တိုင် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates