မိုင်းတုံ ရေကာတာ ရပ်တန့်ရေး သျှမ်းပြည်သူ တရပ်လုံးပါဝင်ရန် သျှမ်းမြစ်ချောင်းအဖွဲ့ တိုက်တွန်း
အရှေ့တောင် အာရှတွင် အကြီးဆုံး ရေကာတာ ဖြစ်လာမည့် မိုင်းတုံ (အထက်သံလွင်) ရေကာတာ တည်ဆောက် မှုရပ်တန့်ရေး သျှမ်းပြည်သား အားလုံးပါဝင်ရန် သျှမ်းပြည် မြစ်ချောင်း အင်းအိုင် ကွန်ယက်က တိုက်တွန်းလိုက်သည်။
သျှမ်းပြည် မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်
“ရေကာတာ ရပ်တန့်နိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ လက်ထဲမှာရှိပါတယ်။ အရင်ဆုံး SMEC ကုမ္ပဏီကို မောင်းထုတ်ရမယ်။ တကယ်လို့ ပြည်သူတွေ သန်းချီပါဝင်ရင်တော့ မောင်းထုတ်လို့ရပြီ။ သျှမ်းပြည်သား တွေ အားလုံး ပါဝင် ဖို့တိုက်တွန်းချင်ပါတယ်။ အခုက ပြည်သူတွေ ပါဝင်လာပေမဲ့ အင်အားနည်းနေတုန်း။ သတင်း အချက်အလက် သိရှိတဲ့ ပြည်သူတွေ နည်းနေတုန်းဘဲ။ သိပြီးတဲ့သူတွေလည်း သတင်းအချက် အလက် လက်ဆင့်ကမ်း ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့် ရှိသူ စိုင်းခေးဆိုင် ကပြောပါသည်။
SMEC က EIA/SIA စစ်တမ်းကောက်ယူသည့် ကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်မြစ်ချောင်းများ ဆိုင်ရာ ကွန်ယက်က သြဂတ်စ် ၅ ရက် နေ့စွဲဖြင့် ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။
“ပြည်သူတွေ မကြိုက်ပေမဲ့၊ လက်မခံပေမဲ့SMEC ကုမ္ပဏီက ဆက်ပြီးလုပ်နေတယ်။ ရေကာတာနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူတွေကို ဘုန်းကြီးကျောင်း ခေါ်သွားပြီး အစည်းအဝေးလုပ်တာ EIA/SIA ကောက်တာမဟုတ်ဘူး။ SEMC ကဆက်လိမ်နေတယ် ဆိုတာ ကမ္ဘာသိအောင်ပါ။ သူတို့နိုင်ငံရဲ့ အစိုးရ၊ တာဝန်ရှိတဲ့သူ၊ သဘာဝပတ်ဝန်းကျင် မြတ်နိုးတဲ့သူ၊ မီဒီယာတွေက သူတို့ကို ချမှတ်ထားတဲ့ အတိုင်းလုပ်ဖို့ ဖိအားပေးဖို့ရည်ရွယ်ပါတယ်” ဟု စိုင်းခေးဆိုင် ကပြောသည်။
ကြေငြာချက်ထဲတွင် လွန်ခဲ့သည့် ဂျူလိုင် ၆ ရက်နေ့၌ သြစတေးလျနိုင်ငံမှ SMEC ကုမ္ပဏီက ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း စစ်တမ်းကောက်ယူရန် သွားရောက်သော်လည်း UWSA ဝ တပ်ဖွဲ့ က ခွင့်မပြု ကြောင်း၊ နိုင်ငံရေးအခြေအနေ မကောင်းသဖြင့် နောက်၂-၃ လ မှပြန်လည်ဆွေးနွေးရန် ပြောဆိုကြောင်း - အစီရင်ခံစာတွင် ပါရှိသည်။
“ဝ ကခွင့်မပြုတာ ရေတာကာကို ဆန့်ကျင် တယ်လို့တော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ အခြေအနေ ကောင်းတယ်လို့ပြောနိုင်တယ်။ သူတို့ ထိန်းချုပ်နယ်မြေ အတွင်း ပေးမဝင်ဘူးဆို တော့ SMEC လည်း EIA/SIA မလုပ်နိုင်ဘူး။ EIA/SIA မလုပ်နိုင်ရင် အစီရင်ခံစာ ကောင်းကောင်းမတင်နိုင်ဘူး။ အချက် အလက်နည်းနည်းလေးနဲ့တော့ ထောက်ခံချက်တွေ မလုပ်နိုင်ဘူး။”
ဝ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ထဲသို့သွားရောက်ခွင့် မရသော်လည်း SMEC ကုမ္ပဏီသည် မိုင်းတုံရေ ကာတာ တည်ဆောက်မည် ဆိုပါက ရေလွှမ်းမိုးမည့် သံလွင်အရှေ့ခြမ်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံကျေးရွာ၊ ဟိုလိန်းကျေးရွာသို့ ဂျူလိုင်လ အတွင်း သွားရောက် စစ်တမ်းကောက် ယူခဲ့ကြောင်း၊ အဆိုပါဒေသ၌ စစ်တမ်းကောက်ယူရာတွင် ဒေသခံအများစုက ကန့်ကွက်ကြ ကြောင်းရေးသားထားသည်။
“အခု ရေကြီးနေတာကလည်း ရေကာတာကြောင့် လည်းပါတယ်။ မိုးအရမ်းရွာတော့ ရေသိုလှောင်ကန် မှာသိုလှောင်နိုင်တဲ့ ပမာဏထက် များလာတော့ ရေတံခါးဖွင့်ချတယ်။ အဲဒါကြောင့် ရေကြီးနေတာ။ ရေမကျသွားတာ။ ဒါကြောင့် သျှမ်းပြည်ကြီး ရေမလွှမ်းအောင်၊ သျှမ်းပြည်လူထု သန်းချီ ထွက်မပြေး ရအောင် ရေကာတာဆောက်တာတွေကို ဆန့်ကျင်ဖို့ အားလုံး ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု စိုင်းခေးဆိုင် ကဆိုပါသည်။
မိုင်းတုံ (အထက်သံလွင်) ရေကာတာကို ၂၀၁၇ခုနှစ်အတွင်း မိုင်းတုံမြို့နယ် တာဆာလားရွာ မြောက်ဘက် ၁၂ မိုင်ခန့် အကွာသံလွင်မြစ် ပေါ်၌ တည်ဆောက်မည်ဖြစ်သည်။ ထွက်ရှိမည့် လျှပ်စစ်မီး ၇၀၀၀ မီဂါဝပ် ၏ ၉၀ ရာခိုင်နှုန်းအား နှစ် ၄၀ ကြာ စာချုပ်ဖြင့် ထိုင်းနှင့်တရုတ်တို့ထံ ပို့ဆောင်ရောင်းချပေးမည်ဟု ဆို၏။
Tags: Environment, News



