ညောင်ရွှေဟော်နန်း ပြန်ပေးရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ စော်ဘွားကြီး သမီးထွေး တောင်းဆို
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမဦး ဆုံးသမ္မတဖြစ်သူ စဝ်ရွှေ သိုက်၏ သမီး ထွေး စဝ်နန်းဟေမာ သိုက်သည် စော်ဘွားကြီး၏ အမွေဆက်ခံ ထိုက်သူထဲတွင် ပါဝင်သော ကြောင့် ညောင်ရွှေရှိဟော်နန်းအား ပြန်ပေးပါရန် သျှမ်းပြည်နယ် အစိုးရ ၀န်ကြီးချုပ်ထံ ဂျူလိုင်လ နှောင်းပိုင်း က တင်ပြ တောင်းဆိုထားသည်ဟု သိရသည်။
သျှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့ ၊ နန္ဒဝန်ရပ်ကွက်ရှိ ယဉ်ကျေး မှုဝန်ကြီး ဌာန လက်အောက်ခံ ယဉ်ကျေးမှု ပြတိုက်အဖြစ် ပြောင်းလဲ သတ်မှတ်ထားသည့် ညောင်ရွှေ ဟော် နန်းသည် မိမိနေထိုင်ရာ အိမ်တော်၊ မိမိ ဖခမည်းတော်၏ နန်းတော်ဖြစ် သည့်အတွက် မိမိအားပြန် လည်ပေးအပ်ပါရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ ဂျူလိုင် ၂၂ ရက်နေ့က လျှောက်လွှာတင်ကာ တောင်းဆိုထားသည်ဟု စဝ်နန်းဟေမာသိုက်က သျှမ်းသံတော်ဆင့်အား ယခု ကဲ့သို့ပြောပြသည် ။
"ကျမကတော့ ဒီဟော်နန်းကို ပြန်ရချင်တယ်၊ ကျမရဲ့အမေ မကွယ်လွန်ခင် ကတည်းက ဒါကိုပြန်ရဖို့ သမ္မတ ဦးသိန်းစိန်ထံ တခါ တောင်းဆိုဖူးတယ်။ မြန်မာ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်း အရ ဘိုးဘွား မိဘများရဲ့အမွေကို ဆက်ခံ ထိုက်သူဖြစ်တယ်လို့ သဘောရိုးနဲ့ ယုံကြည်တယ် ။ ပြန်ရရင်လည်း ပြ တိုက်အဖြစ် ဆက်လက် ထားရှိသွားမှာဖြစ်ပါတယ် " ဟု စဝ်ဟေမာသိုက် ကပြောသည်။
ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ကြင်ယာတော် ဒေါ်စဝ်မြဝင်း (ကျောင်းအုပ် ဆရာမကြီး-ငြိမ်း) သက်ရှိ ထင်ရှားစဉ် ၂၀၁၃ ခုနှစ် ၊ ဂျူလိုင်လ (၂၃) ရက်နေ့တွင်နိုင်ငံတော် သမ္မကြီးထံ တင်ပြ တောင်းဆိုခဲ့ပါသော်လည်း အကျိုး အကြောင်း ပြန်ကြား ခဲ့ခြင်းမရှိခဲ့ ကြောင်း၊ သျှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် အနေဖြင့် ညောင်ရွှေဟော်အား ပြန်လည် ပေးအပ်မည်ဆိုပါက ယဉ်ကျေးမှုပြ တိုက်အဖြစ် နဂိုအတိုင်းဆက်လက်၍ ထားရှိသွားမည်ဖြစ် ကြောင်း၊ ဟော်နန်းကြီးအပါအဝင် အမွေ ဆိုင် ဥပစာအားလုံး ပြန်လည်ရရှိပြီးမှသာ မြန်မာ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းနှင့်အညီ မိသားစု စီမံမှု (Family Settlement) အဖြစ် ပြုလုပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စဝ်ဟေမာသိုက်က ဆက် ပြောသည်။
မြေစာရင်း မှတ်တမ်းများအရ ညောင်ရွှေဟော်ဝင်းသည် (၁၁.၂၉၀) ဧရိယာရှိ ပြီး ၁၉၆၉ ခုနှစ်တွင် အဆိုပါ မြေဥပစာအတွင်းအစိုးရ မူလတန်းကျောင်း တစ်ကျောင်း၊ ဆက်သွယ်ရေး ရုံးတစ်ရုံးနှင့် ဘောလုံးကွင်းတစ်ကွင်းတို့ကို သက်ဆိုင်ရာဌာနများက ဆောက်လုပ်ခဲ့ပြီး ကျန်ရှိသော မြေဥပစာ (၇.၇၈၀) ဧရိ ယာအား ၂၀၁၄-ခုနှစ်တွင် အုတ်နံရံများကာရံ ခဲ့ကြသည် ဟုသိရသည်။
၂၀၁၃-ခုနှစ် ၊မေလ(၂၉) ရက်နေ့တွင် နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ညောင်ရွှေမြို့ရှိ ယဉ်ကျေးမှုပြတိုက် စီမံခန့်ခွဲခွင့်ကို လက်ရှိ သျှမ်း ပြည်နယ် အစိုးရ အဖွဲ့သို့လွှဲ ပြောင်းပေးသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါ အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ကဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၈) ဇယား(၂) ပုဒ်မခွဲ(၇) အရသက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များက ကြီးကြပ် စီမံခန့်ခွဲရန် လွှဲ ပြောင်း ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်း အစည်းအဝေးသို့ သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းတက် ရောက်ခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ချက်များ အရသိရှိရပါသည် ။
အဆိုပါ ညောင်ရွှေ ယဉ်ကျေးမှု ပြတိုက်သည် ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် စော်ဘွားကြီးများပြတိုက် ၊ယဉ်ကျေး မှုပြတိုက် ၊ဗုဒ္ဓဝင်ပြတိုက် စသည့်အမည် များဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာမှ ၂၀၁၃ ဂျူလိုင်လ မှစ၍ သျှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး ခဲ့ခြင်း ဖြစ်ပြီးပြတိုက်တွင် စော်ဘွား မှတ်တမ်းဓါတ်ပုံ (၉၁)ပုံ ၊အဝတ်အထည် (၁၃၈) မျိုး၊ ပစ္စည်း အမယ်ပေါင်း (၃၃၈) မျိုးကိုပြသထားကြောင်း ၊ နိုင်ငံခြားသား ဧည့်သည် တစ်ဦး လျှင်နှစ်ဒေါ်လာ ၊ ပြည်တွင်း ဧည့်သည် တစ်ဦးလျှင် ၂၀၀ ကျပ် နှင့် ကျောင်းသား/သူ များအခမဲ့ လေ့လာ ကြည့်ရှု နိုင်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင်ဖော်ပြခဲ့ဖူးသည် ။
Tags: Culture, News


