သျှမ်းပြည် အရှေ့ပိုင်း ဒေသခံ လူထု ရေဘေး သင့်ကာ လယ်ယာ ဧကပေါင်း မြောက်များစွာ ဆုံးရှုံး



သျှမ်းပြည်အရှေ့ပိုင်း တွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ရာ လယ်ယာမြေ ဧကပေါင်းမြောက်များစွာ ဆုံးရှုံးခဲ့ရပြီး ရေဘေး သင့်သူများလည်း ဘုန်းကြီးကျောင်းသို့ ခိုလှုံနေရကြောင်း သိရပါသည်။




တာချီလိတ် ခရိုင် ကျိန်းလပ်မြို့နယ် ပါလျောင်းအုပ်စု ရှိ ဝမ့်ကျိုင်းရွာတွင် ဩဂတ်စ်လ ၄ ရက် ယနေ့မနက် ၁ နာရီက တောင်ကျချောင်းရေကြောင့် နမ့်ကျိုင်းချောင်းရေလျှံရာ ဝမ့်ကျိုင်းတရွာလုံး ရေဘေးသင့်ကြောင်း၊ ရွာသားများလည်း ဘုန်းတော်ကြီး ကျောင်းသို့ ခိုလှုံနေကြရသည်ဟုဆိုပါသည်။

ရေကရုပ်ချည်းတက်တယ် လို့ပြောတယ်။ အိပ်လို့ ကောင်းတဲ့ ချိန်ဆိုတော့ ဘာမှ မပြင်လိုက် ရဘဲ ကိုယ် လွတ်ဘဲထွက်ပြေးကြရတယ်။ နေအိမ် ဒူးခေါင်း အထက် အထိ ရေမြုပ်တယ်။ လူ ၁၀၀ ကျော်က ဘုန်းကြီးကျောင်းမှာအခု။ ဒီမနက်  တချို့လည်း နေအိမ်ပြန်သွားပြီး ပစ္စည်း တွေ သွားကြည့်သွားသယ်ကြတယ်။ နမ့်ကျိုင်းတံတားကျိုးသွားလို့ သွားလာလို့မရသေးဘူး ။ ဟု တာချီလိတ်ရောက် ပါလျောင်းအုပ်စုသား က ပြောသည်။

မိုးရပ်မည်ဆိုပါက ယနေ့တွင်  အိမ်ပြန်နိုင်ဖွယ်ရှိကြကြောင်း၊ရေဘေးသင့်များအား တာချီ လိတ်ရှိ SNLD ကျားခေါင်းပါတီက ယနေ့ သွားရောက် ကူညီခဲ့ကြောင်း ရွာသားများကပြော ပါသည်။

တာချီလိတ်မြို့တွင်လည်း နမ့်ဆိုင်ချောင်းရေကြီးမှုကြောင့် ယနေ့မနက်ပိုင်းက တာလော့ဈေး နှင့် တာလော့ရပ်ကွက်ရေလျှံကြောင်း တာချီလိတ်မြို့နေ စိုင်းကျောက်က ပြောပြသည်။

ပြီးခဲ့တဲ့ ၂ ရက် ၃ ရက် ကတည်းက ရပ်ကွက်ထဲမှာ လော်စပီကာကြီးနဲ့ အော်ပြီး သတိပေး တယ်။ ရေကြီးမှုကိုသတိထားကြဖို့ပေါ့နော်။ ဈေးထဲက လူတွေလည်း ဒီချိန်ဆို နှစ်တိုင်းဘဲ ရေတက်လာတာ ခံနေရတော့လေ ဒီနှစ်လည်းဘဲ ပစ္စည်းတွေ ဘာတွေ ကြိုရွှေ့ထားတယ် ဆိုတော့ ဆုံးရှုံးမှု သိပ်မရှိဘူး ဒီနှစ်။

မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် မြို့လယ်နှင့် မြို့ပတ်ဝန်းကျင်တွင် စီးဆင်းသော ချောင်း ငယ် မြောင်းငယ် များလည်း စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်သရိုက်များ ပိတ်ဆို့မှုမှ ရေလျှံမှုဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။

အလားတူ ယမန်နေ့ မနက်ပိုင်းက မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း ရေကြီးမှုကြောင့် စပါးပျိုးခင်းဧက ပေါင်းမြောက်များစွာ ပျက်စီး ဆုံးရှုံးကြောင်း မိုင်းတုံမြို့သား စိုင်းန ကပြောသည်။

မိုင်းတုံမြို့အရှေ့ဘက် မိုင်းဆတ် အသွား လမ်းမှာရှိတဲ့ ဝမ့်ခိုဟုတ်လတ်ရွာ မူးဆေးရွာက  နမ့်တုံချောင်းရေလျှံလို့ နေအိမ် ၆ လုံးလောက်ရေမြုပ်တယ်။ နမ့်ဟောင့်ခယ်လည်းရေကြီး တယ်။  နမ့်နားနျု လည်း ရေကြီးတယ်။  မိုင်းတုံမြို့မ ရပ်ကွက်ဖြစ်တဲ့ ထုံးဘို နောင်ပါရင်နဲ့  မြို့မရပ်က   အိမ်ခြေပေါင်း ၁၀၀ ထက်မနည်းဘူး ရေမြုပ်တယ်။အဲဒီမှာရှိတဲ့ ဌာနပေါင်းဆုံ ဂိတ်လဲရေမြှုပ်ကုန်တယ်။ လယ်ကတော့ အသစ်ပြန်ပြီး စိုက်ပျိုး ရလိမ့်မယ် ထင်တယ်၊ ဘာမှ လုပ်လို့ မရတော့ဘူး- ဟု စိုင်းန ကပြော သည်။

မိုင်းတုံမြို့တွင်နှစ်ပေါင်း ၅၀ အတွင်းအကြီးမားဆုံးရေကြီးမှုဟုလည်းဆိုနိုင်ကြောင်း၊ ချောင်း ဖျားတွင်သစ်တော ပြုန်းတီးမှုကြောင့် တောင်ကျ ချောင်းရေအား မတားနိုင်ခြင်း ဖြစ်ကြောင်း မိုင်းတုံမြို့ ရပ်မိ ရပ်ဖ များက ပြောဆို နေပါသည်။

တောင်ကျ ချောင်းရေများ၊ မြစ်ရေချောင်းရေများ ရေကြီးမကြောင့် ဩဂတ်စ်လ ၂ ရက်နေ့ ကစတင်ပြီး ၄ ရက်နေ့ယနေ့အထိ  မိုင်းတုံမြို့မှ တောင်ကြီး အတက်လမ်း လည်း မပွင့်သေး ကြောင်း လိုင်းကားပြေး ဆွဲသူများက ပြောဆို ပါသည်။

ဂျူလိုင်လ နှောင်းပိုင်းမှစ၍ ယနေ့အထိ ပြည်ထောင်စု မြန်မာ နိုင်ငံ တဝှမ်း ရေဘေးသင့်သူ ၂ သိန်းကျော် ရှိကြောင်း၊ ရေဘေးကြောင့် သေဆုံးသူ ၅၀ ထက်မနည်း ရှိကြောင်း ဘီဘီစီ သတင်းဌာနက ထုတ်ပြန်သည့်သတင်းများအရသိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates