UNFC နှင့် SD တို့၏ စုစည်းအားကို မှတ်ကျောက် တင်ခံရမည့်အချိန် ရောက်ပြီ
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးကြရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၅ ဖွဲ့ထံသို့ ပြီးခဲ့သည့် သြဂတ်စ်လ (၁၁) ရက်နေ့၌ သမ္မတ ဦးသိန်းစိန်မှ ဖိတ်ကြားလွှာ ပေးပို့ခဲ့၏။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ဖွဲ့ရှိသည့်အနက် ၁၅ ဖွဲ့ကိုသာ ကွက်ပြီး ဖိတ်ကြားသဖြင့် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး (၁၇ ဖွဲ့) ပါဝင်ရေးမူကို လက်ကိုင်ထားသည့် ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ လိုလားချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေ၏။
သမ္မတဦးသိန်းစိန် ဖိတ်ခေါ်ချက်သည် တိုင်းရင်းသားတို့၏ နိုင်ငံရေး ဥသျှောင်သဖွယ် ဖြစ်သည့် UNFC တပ်ပေါင်းစုကြီးနှင့် SDတို့၏ စည်းလုံးညီညွတ်မှုအား ၊ စုစည်းအားကို စိန်ခေါ်သလို ဖြစ်နေ၏။ တိုင်းရင်းသားတို့၏ ပေါင်းစည်း ကျစ်လစ်အားကို မှတ်ကျောက် တင်ခိုင်းသကဲ့သို့ ဖြစ်နေ၏။ တိုင်းရင်းသားတို့၏ ညီညွတ်ရေးအားကို သွေးတိုးစမ်းသလို ဖြစ်နေ၏။
ဦးသိန်းစိန် ဖိတ်ခေါ်ချက်တွင် “ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား အဖွဲ့အစည်း ၁၅ ဖွဲ့နှင့် တစ်ဖွဲ့ချင်း အပစ်ရပ်ရေး ဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဘက် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၊ တပ်မတော်ဘက်ကလည်း အချုပ်အခြာ အာဏာကို ထိပါးလာသည့် ကိစ္စများမှအပ စစ်ဆင်ရေးကြီး များပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ၊ အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို အဆင့်လိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ သဘောတူညီမှု ရရှိထားသော သဘောတူ စာချုပ်ကြီးကို ထပ်မံ ပြင်ဆင် ဖြည့်စွက်ရန်မရှိဘဲ လက်မှတ်ထိုးရန် အဆင့်သင့်ရှိနေပြီး ဖြစ်ကြောင်း ၊ နှစ်ပေါင်းများစွာ ဖြစ်ပွါးခဲ့သော လက်နက်ကိုင် ပဋိက္ခများ ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသား လူမျိုးစုများအားလုံး ပြန်လည် ရင်ကြားစေ့ရေး တို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် အလို့ငှာ ညှိနှိုင်းပြီးစီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း”ဟု ပါရှိ၏။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ ကလည်း သူ၏ Facebook စာမျက်နှာတွင် “ ၂၀၁၅ခုနှစ် ၊ သြဂတ်စ်လ ၇ရက်နေ့မှာ NCA ကို အချောသတ် နိုင်ခဲ့ပါတယ် ၊ နိုင်ငံတော်သမ္မတက NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်မယ်လို့ ဝန်ကြီး ဦးအောင်မင်းက SD ကိုယ်စားလှယ်များကို ရှင်းပြခဲ့ပါတယ် ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ချင်းမိုင်မှာ သြဂတ်စ် (၂၁၊၂၂၊၂၃) ရက်တွေမှာ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှာ ဝန်ကြီးဦးအောင်မင်းတို့ UPWC ရဲ့စီစဉ်မှုနဲ့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်နေပါတယ် ၊ အားလုံးပါဝင်ရေးကို အစိုးရက မူအားဖြင့် သဘောတူညီပေမယ့် NCA စာချုပ်ပါ အချက်တွေကို ချက်ချင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့ ၁၅ ဖွဲ့ကို ပထမအဆင့် ဖိတ်ခေါ် တယ်လို့နားလည်ရပါတယ်။ လက်မှတ်ရေးထိုးပွဲကို အစိုးရက စက်တင်ဘာလ ထဲမှာ ပြုလုပ်ဖို့ ရည်းစူး ပြင်ဆင်နေပါတယ်။ လေးနှစ် ရုန်းကန်းခဲ့ပြီး ပါပြီ။ အားလုံး ဆက်ရုန်း ကြတာပေါ့။” ရေးသားထားသည်ကို ဖတ်မိ၏။
ထို့အပြင် အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း ၄ နှစ်ပြည့်မြောက်သည့် သြဂတ်စ်လ ၁၈ ရက်တွင် အစိုးရ သတင်းစာများ၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ပြည်သူ လူထုအား ချပြသွားခဲ့သည်ကို တွေ့ရ၏။
ဒီလောက်ဆိုလျှင် NCA လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးထက် ၁၅ ဖွဲ့ကိုသာ အစိုးရ ဘက်က လက်ခံကြောင်း ရှင်းရှင်း လင်းလင်း သိလောက်၏။ တိုင်းရင်းသားများဘက်က မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ အားလုံးက အင်မတန်မှ စိတ်ဝင်တစားရှိလှ၏။
ဤနေရာတွင် အစိုးရ လက်ခံထားသည့် ၁၅ ဖွဲ့နှင့် တိုင်းရင်းသားတို့ လိုလားသည့် ၁၇ ဖွဲ့ တို့အကြောင်း အနည်းငယ် ထပ်မံတင်ပြလို၏။
အစိုးရက လက်ခံထားသည့် ၁၅ ဖွဲ့မှာ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်− မိုင်းလားအဖွဲ့ (NDAA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ ဖြစ်ကြ၏။
တိုင်းရင်းသားတို့ တင်ပြသည့် ၁၇ ဖွဲ့မှာ ရက္ခိုင့် တပ်မတော် (AA) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင် အမျိုးသားကောင်စီ (ANC) ၊ ချင်း အမျိုးသား တပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့်အဖွဲ့ (MNDAA) ၊ မွန် ပြည်သစ် ပါတီ (NMSP) ၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ဝ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ဖြစ်ကြောင်း သိရ၏။
တိုင်းရင်းသားများ အဆိုပြုထားသည့် အဖွဲ့အစည်း ၁ရ ဖွဲ့တွင် ၁၂ ဖွဲ့က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး ကျန်အဖွဲ့အစည်းများ ကလည်း UNFC ၏ ဆက်စပ်မိတ်ဖက် အဖွဲ့အစည်းများသာ ဖြစ်ကြသည်ကို တွေ့ရ၏။ UNFC နှင့် SD အဖွဲ့ဝင် မဟုတ်သော NDAA ၊ RCSS ၊ UWSA နှင့် NSCN-K တို့အား အဖွဲ့အစည်း ၁၇ဖွဲ့ထဲတွင် ထည့်သွင်း မထားကြောင်း တွေ့ရ၏။
အစိုးရက ပြောသည့် တိုင်းရင်းသား အဖွဲ့အစည်း ၁၅ ဖွဲ့တွင် NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့ ပါဝင်ပြီး အခြားတိုင်းရင်းသား ၆ ဖွဲ့ဖြစ်ကြသည့် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF / TNLA ၊ WNO တို့ အား ချန်ထားခဲ့၏။ တိုင်းရင်းသားများ တင်ပြသည့် အဖွဲ့အစည်း ၁ရ ဖွဲ့တွင် AA ၊ ANC ၊ LDU ၊ MNDAA ၊ PSLF / TNLA ၊ WNO ပါဝင်ပြီး NDAA ၊ RCSS ၊ UWSA ၊ NSCN-K တို့အား ချန်ရစ်ထားပစ် ခဲ့သည်ကို တွေ့ရ၏။
ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် စာချုပ်ကို အချောသတ်နိုင်ခဲ့ သော်လည်း စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား အဖွဲ့အစည်း အရေအတွက်နှင့် ပတ်သက်၍ နှစ်ဘက် စလုံး ညှိမရနိုင်သဖြင့် လက်မှတ်ရေးထိုးရေး ကိစ္စ နှေင့်နှေးကြန့်ကြာ ခဲ့ကြောင်း သိရ၏။ ဤအချက် ကို နှစ်ဘက် ထိပ်းသီး ခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီး အပြီးသတ် ဆုံးဖြတ် ပေးရန် စီစဉ်ထားကြောင်း သိရ၏။
ကိုးကြိမ်မြောက် ဆွေးနွေးပွဲ ပြီးပြီးချင်း NCA လက်မှတ်ရေးထိုးခြင်း နှင့် ပတ်သက်ပြီး SD က ယင်း၏ အဖွဲ့ဝင်များကို ကိုယ့်မိခင် အဖွဲ့အစည်းထံ ပြန်သွားကာ မိမိတို့ တစ်ဖွဲ့ချင်းအလိုက် သဘောထား ရပ်တည်ချက်များ ပြန်ယူလာရန် သဘောထား ချမှတ်ပေးခဲ့ကြောင်း သိရ၏။ သြဂတ်စ်လ (၂၁၊၂၂၊၂၃) ရက်များတွင် ကျင်းပမည့် တိုင်းရင်းသား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲတွင် ရလာသည့် တစ်ဖွဲ့ချင်း သဘောထားများအား ပြန်လည်တင်ပြပြီး အဆုံးအဖြတ်ရယူမည်ဟု ကြားသိ ရ၏။ အဲဒီ ထိပ်သီး အစည်းအဝေးမှ အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍ ၁၅ ဖွဲ့နှင့်လား ၊ ၁၇ဖွဲ့နှင့်လား ၊ ထိုးချင်သည့် အဖွဲ့ထိုးနိုင်လား ၊ တစ်ဖွဲ့ချင်းထိုးနိုင်လား စသည်တို့အား ကွဲကွဲ ပြားပြား သိရမည် ဖြစ်၏။
ဦးသိန်းစိန် ဖိတ်ကြားလွှာ ပေးပို့ပြီးသည့်နောက် တိုင်းရင်းသားတို့၏ တုံ့ပြန်ချက် မည်ကဲ့သို့ ရှိသည်ကို တချက် ငဲ့စောင်းကြည့်သင့်၏။
KNU က လက်မှတ်ထိုးမည်ဟု ယင်း၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သီးသန့် ထုတ်ပြန် ကြေညာခဲ့၏။ ထို့အတူ DKBA ၊ KNU ၊ KNU / KNLA-PC ၊ RCSS တို့ပူးပေါင်းပြီး လက်မှတ်ရေးထိုး မည်ဟု ပူးတွဲကြေညာချက်ကို သြဂတ်စ်လ ၁၇ရက်တွေင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရ၏။
တချိန်တည်းမှာပင် ABSDF ကလည်း လက်မှတ်ထိုးမည်ဟု ကြေညာချက် တစ်စောင်ကို သြဂတ်စ်လ ၁၇ ရက်တွေင် ထုတ်ပြန်ခဲ့သည်ကို ဖတ်မိ၏။ “NCA သည် စစ်ရေး ပဋိက္ခများ ရပ်တန့်စေရေးနှင့် အင်အားစုအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ထွန်းလာစေရေး တို့အတွက် အစပျိုးလမ်း ကြောင်းအဖြစ် မှတ်ယူသည်”ဟု ယင်း၏ထုတ်ပြန်ချက်က ဆိုထား၏။
တစ်ဖက်တွင်လည်း ပါတီတည်ထောင်သည့် ၄၄ နှစ်မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) က လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား အဖွဲ့အစည်း အား လုံး ပါဝင်လက်မှတ်ထိုးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည် ဟုသာ ဆိုထားသဖြင့် လက်မှတ်ထိုးရေး မထိုးရေး နှင့်ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေးပေ။
KIO က လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ မိမိတို့ တစ်ဖွဲ့တည်း ဆုံးဖြတ်မည် မဟုတ်ဘဲ လာမည့် တိုင်းရင်းသား ထိပ်သီး အစည်းအဝေးတွင် အားလုံးနှင့် ညှိနှိုင်းဆုံးဖြတ်မည် ဖြစ်ကြောင်း သိရ၏။ NCA လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး ပြည်သူလူထုတို့၏ သဘောထားများကိုလည်း ရယူခဲ့ သည်ဟု ကြားသိရ၏။
တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ရေးမူပေါ်မှာ ဆက်လက် ရပ်တည်ကြဖို့ ၊ အဖွဲ့အားလုံး မပါနိုင် လျှင်တောင် SD အဖွဲ့ဝင် ၁၇ ဖွဲ့လုံးပါဝင်ရေးမူ ဆက်လက် စွဲကိုင်ဖို့နှင့် လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေအပေါ် နိုင်ငံရေး ၊ စစ်ရေးအရ အာမခံချက် ရရှိရန်အတွက် ညှိနှိုင်း နည်းလမ်း ရှာသွားဖို့ မွန်ပြည်သစ် ပါတီ (NMSP) က SD ကို စာရေး တိုက်တွန်းကြောင်း ကြားသိရ၏။
NDAA ၊ UWSA နှင့် NSCN-K တို့ကတော့ NCA ထိုးရေး ၊ မထိုးရေးတွင် မထိုးရေးဘက်ကို ယိမ်းယိုင် နေကြောင်း တိုင်းရင်းသားအရေး ကျွမ်းကျင်းသူများက ဆိုကြ၏။
ကျန်သည့် တိုင်းရင်းသား အဖွဲ့များ၏ သဘောထား ရပ်တည်ချက်များကတော့ အခုချိန်အထိ တိတိပပ မသိရသေးပေ။ သို့သော် အတွင်းရင်းမြစ်များ အဆိုအရ ALP ၊ CNF ၊ PNLO တှိုသည် အားလုံးမပါဝင်သော်လည်း NCA ကို လက်မှတ်ထိုး နိုင်ခြေရှိသည်ဟု သိုးသိုးသန့်သန့် ကြားရ၏။
လက်မှတ်ထိုးမည်ဟု အတိအလင်း ထုတ်ပြန် ကြေညာထားသည့် အဖွဲ့အစည်း ၅ ဖွဲ့အနက် RCSS က လွဲ၍ ကျန် ၄ ဖွဲ့သည် UNFC ၊ SD တို့နှင့် ပတ်သက် ဆက်စပ်သည့် အဖွဲ့အစည်းများ ဖြစ်ကြ၏။ UNFC နှင့် SD တို့၏ အဖွဲ့ဝင် မဟုတ်သည့် RCSS က လက်မှတ်ရေးထိုးမည် ဆိုခြင်းသည် မည်သို့မျှ မထူးခြားသော်လည်း ကျန် ၄ ဖွဲ့ဖြစ်ကြသည့် ABSDF ၊ DKBA ၊ KNU ၊ KNU / KNLA-PC တို့က ထိုးမည်ဆိုသည့်အတွက် အားလုံးက တိုင်းရင်းသား တပ်ပေါင်းစုတို့၏ စုစည်းမှု ၊ စည်းလုံး ညီညွတ်မှုတို့ အပေါ် သံသယဖြစ်မိ၏။ စုစည်းမှု အစည်းပြယ်မည်ကို စိုးရိမ်ကြ၏။
KNU က UNFC အဖွဲ့ဝင် (ဆိုင်းငံ့) ဖြစ်သလို SD တွင်လည်း KNU ဒုဥက္ကဌ ဖြစ်သူ ဖဒိုနော်စီဖိုးရာစိန် သည်လည်း SD ၏ အဖွဲ့ခေါင်းဆောင် ဖြစ်သဖြင့် အားလုံးပါဝင်ရေးမူ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားသည့် SD အနေဖြင့် ဤဖြစ်ရပ်ကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ကို အားလုံးက သိချင်ကြ၏။
ABSDF ၊ DKBA နှင့် KNU / KNLA-PC တို့သည် SD အဖွဲ့ဝင်များ ဖြစ်ကြပြီး ယင်းတို့က လက်မှတ်ရေး ထိုးမည် ဆိုသဖြင့် SD နှင့် ထိပ်တိုက် တွေ့ရမည့် သဘောရှိ၏။ SD တွင် အက်ကြောင်းများ ဖြစ်ပေါ်နေ ပြီလားဟု မေးခွန်းထုတ်သည့်သူ အမြောက်အမြား ရှိနေပြီ ဖြစ်၏။
UNFC အနေဖြင့် လွန်ခဲ့သော လပေါင်းများစွာက ဖြစ်ပွါးခဲ့သော KIO ၊ SSPP ၊ TNLA ၊ MNDAA တို့နှင့် အစိုးရ တပ်မတော်အကြား တိုက်ပွဲများအပေါ် ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး အပြင်းအထန် ဝေဖန်ခံ ခဲ့ရကြောင်း စစ်ရေးသုံးသပ်သူများက ထောက်ပြကြ၏။ တိုက်ပွဲများ ဖြစ်ပွါးနေချိန်တွင် နိုင်ငံရေး ၊ စစ်ရေးအရ ထိရောက်စွာ ယင်း၏ အဖွဲ့ဝင်များကို UNFC က ထိရောက်စွာ ကူညီပံ့ပိုးနိုင်ခြင်းဘဲ အဆံမပါသည့် သကြင်္န်အမြောက် ထုတ်ပြန် ကြေညာချက်ဖြင့်သာ ကူညီသမှုပြုသဖြင့် အများ၏ ဝေဖန်ခြင်းကို ခံခဲ့ရကြောင်း သိရ၏။ ဒီတခါတော့ စည်းလုံခြင်း အင်အားကို ထိုးခွဲခြင်းဖြစ် သောကြောင့် UNFC အနေဖြင့် ပြင်ပပယောဂကို ဖယ်ရှားနိုင်မည်ဟု မျှော်လင့်၏။
ဒီလအတွင်း ဖြစ်ပွါးခဲ့သည့် အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွင်း အာဏာလွန်ဆွဲပွဲ ၊ ပါတီတွင်း အကွဲအပြဲတို့ကြောင့် NCA လက်မှတ်ရေးထိုးခြင်း မသေမချာ မရေမရာ ဖြစ်မည်ကို အားလုံးက စိုးရိမ်နေချိန်တွင် တိုင်းရင်းသားများ ဘက်ကလည်း အသံပေါင်းစုံ ထွက်ပေါ်လာသဖြင့် သူတလူငါတမင်း အလဲလဲအကွဲကွဲ ဖြစ်မည်ကို ကြောက်မိ၏။ ရောက်လိုသည့် ပန်းတိုင်မရောက်ခင် လှော်တက်ကျိုးမည်ကို စိုးရွံ့၏။
ဒီလို အရေးကြီး သေရေးရှင်ရေး ဖြစ်နေသည့်အချိန် ၊ တိုင်းရင်းသားတွေ တသွေး ၊ တသံ ၊ တသားတည်း ၊ လက်ရည်တပြင်တည်း ဖြစ်ရမည့်အချိန်တွင် အက်ကြောင်းထင်နေသည့် တိုင်းရင်းသားတို့၏ ညီညွတ်မှု စုစည်းအားကို UNFC နှင့် SD တို့က ဘယ်ပုံဘယ်နည်းဖြင့် အစေးပြန်ကပ် ၊ ဂဟေဆော် ပြန်ဆက်စပ်ပေးမည်ကို အားလုံးက သိချင်နေကြ၏။
အစိုးရက တိုင်းရင်းသားများအား တစ်ဖွဲ့ချင်း ဖဲ့ထုတ် ၊ ဆွဲထုတ် ၊ ခွဲထုတ် လုပ်နေခြင်းသည် တစ်နည်းအားဖြင့် တိုင်းရင်းသားတို့၏ ပေါင်းစည်းအားကို အားစမ်းခြင်းလည်း ဖြစ်၏။ UNFC နှင့် SD တို့က မည်မျှ အတိုင်းအတာ အထိ တောင့်ခံနိုင်မည် မည်မျှအဆင့် အထိ ခံနိုင်ရည်မည် ဆိုသည်ကို လူထုက စောင့်ကြည့်နေကြ၏။
အပြင်ရန် ၊ အတွင်းရန် ခုခံ တွန်းလှန် ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားတို့၏ စုစည်းအားကို ထာဝရ ထိန်းသိမ်းထားနိုင်ရေးသည် UNFC နှင့် SD တို့၏ သမိုင်းပေးတာဝန် ဟုဆိုလျှင် မှားမည်ထင်ပေ။
မည်သို့ပင်ဖြစ်စေ ၊ ရွှေမှန်ရင် မီးခံနိုင်သကဲ့သို့ ရိုးသား ဖြောင့်မတ်မှန်ကန်သည့် စုစည်းမှု ၊ ပေါင်းစပ်မှု ၊ စည်းလုံးညီညွတ်မှု ဖြစ်လျှင် မည်သူတွေ ဘယ်လိုပဲ ခွဲခွဲ ၊ ထင်းအစည်းပြယ်သလို တကွဲတပြား အဖြစ်မခံဘဲ တိုင်းရင်းသားတို့၏ စုစည်းအားကို မှတ်ကျောက် တင်ခံနိုင်စေရေးအတွက် အတွင်းအပြင် သပ်လျှိုထိုး သွေးခွဲမှုများအား UNFC နှင့် SD တို့မှ ကြံ့ကြံ့ခံ အလံမလဲ တွန်းလှန်ပစ် နိုင်မည် ဧကန်မလွဲဟု တထစ်ချ ယုံကြည်၏။
၂၀၁၅ ခုနှစ်၊ သြဂတ်စ်လ ၁၉ရက်
(မှတ်ချက်- ဆောင်းပါးပါအချက်အလက်များအားလုံးသည် ဆောင်းပါးရှင်၏အာဘော်သာဖြစ်ပါ သည်။ (အယ်ဒီတာ) )
Tags: Feature


