ရုတ်တရက် လွှတ်တော် ထပ်ခေါ်ကာ သျှမ်းပြည် နယ်/လုံ ၀န်ကြီး အပြောင်း အလဲလုပ်
သျှမ်းပြည်မြို့တော် တောင်ကြီး၌ ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၏ အရေးပေါ် အစည်းအဝေး ပြီးဆုံးကြောင်း ကြေငြာပြီး အစည်းအဝေး တရက်ထပ်တိုးကြောင်း ရုတ်တရက်ခေါ်ယူပြီး သျှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား အပြောင်း အလဲ လုပ်လိုက်ကြောင်း ကြားသိရသည်။
အဆိုပါ ၁၈ နှင့် ၁၉ ရက်နေ့ အရေးပေါ် အစည်းအဝေးမှ သြဂတ်စ်လ ၂၀ ရက် နောက်တရက် ရုတ်တရက် လွှတ်တော် အစည်းအဝေး ထပ်တိုးမှုသည် သျှမ်းပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ အစား ရပခ တိုင်းဦးစီး ဗိုလ်မှူးကြီး စိုးမိုးအောင်အား သျှမ်းပြည်နယ် နယ်/လုံ ဝန်ကြီးအဖြစ် သျှမ်းပြည်နယ် လွှတ်တော် မှ သဘောတူ အတည်ပြုကြောင်း နမ့်စန်မြို့၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းသူရိန်ဦး ကပြောသည်။
“မနေ့က အထိတော့ အရေးပေါ် အစည်းအဝေး ပြီးသွားပြီလို့ တရားဝင် ကြေငြာပြီးတော့ ရပ်နား လိုက်တယ်။ ဒီမနက်မှာဘဲ အရေးပေါ် အစည်းအဝေး ထပ်ရှိတယ် ဆိုပြီးတော့ ခေါ်ပြန်တယ်။ လွှတ်တော် အမတ် ၆၀ လောက်ဘဲရှိတယ် တက်ရောက်တဲ့ အမတ်တွေ တစ်ချို့ အမတ်တွေပြန်ကုန်ကြပြီ” ဟု ၄င်းကပြောသည်။
နမ္မတူမြို့၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက သြဂတ်စ် ၁၈ မှ ၁၉ ရက် ထိ အရေးပေါ် လွှတ်တော် အစည်းအဝေး ကျင်းပရခြင်း၏ အကြောင်းရင်း နှစ်ချက် ရှိကြောင်း ပြောသည်။
အရေးပေါ် လွှတ်တော် အစည်း အဝေး ကျင်းပရတဲ့ အကြောင်းအရင်း က နှစ်ချက်ရှိတယ် ၂၀၁၅ - ၂၀၁၆ နှစ်မှာ ဖြည့်စွက် ဘဏ္ဍာခွင့်ပြုငွေ တောင်းခံခြင်းနဲ့ နောက်ထပ်ကျမတို့ ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တုန်းက တင်ထားတဲ့ တိုင်းရင်းဆေး ဥပဒေကြမ်းကို အတည်ပြုဖို့ ဘဲဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ဖြည့်စွက်ရံပုံ ငွေတောင်းခံရာတွင် ကျပ်သန်းပေါင်း ၂၄၀ ကျော်ခန့် ရှိကြောင်းနှင့် သျှမ်း ပြည်နယ် အဆင့်တွင်ရှိသော ဌာနအဖွဲ့အစည်း နေရာတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း နန်းခမ်းအေး ကပြောသည်။
လာမည့် သျှမ်းပြည်နယ် လွှတ်တော် အစည်း အဝေးအား စက်တင်ဘာ လ နောက်ဆုံးပတ်တွင် ထပ်မံကျင်းပ ဖွယ်ရှိကြောင်း အဆိုပါအစည်း အဝေးသည် လက်ရှိ သျှမ်းပြည်နယ် အစိုးရ၏ သက်တမ်းအတွက် နောက်ဆုံး အကြိမ်ဖြစ်နိုင်ကြောင်း ကြားသိရပါသည်။
Tags: News, politic


