ပြည်ခိုင်ဖြိုးပါတီမှ သျှမ်း၊ပအိုဝ်း နာမည်များအား ပြန်ဖျက်
စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းကစပြီး လင်းခေးခရိုင် မောက်မယ်မြို့နယ်ထဲရှိ သျှမ်းပြည်ခိုင်ဖြိုး ၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဟု ရေးသားထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ၏ ဆိုင်းဘုတ်များမှ အရှေ့စာလုံးဖြစ်သော သျှမ်း ၊ ပအိုဝ်း ကို ပါတီဝင်များက လိုက်လံဖျက်ပစ် နေကြောင်း သိရသည် ။
မဲဆွယ် စည်းရုံးခွင့် ပြုတဲ့နေ့ စက်တင်ဘာ (၈) ရက်စပြီး မြို့နယ်နေရာ အနှံ့အပြားမှာ စိုက်ထူထားတဲ့ သျှမ်းပြည် ခိုင်ဖြိုး ၊ ပအိုဝ်းပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တွေကို စိုက်ထူပြီး (၁၁) ရက်အကြာမှာ ယခုလို ဖျက်ပစ်ခြင်း ဖြစ်သည် ။
" သူတို့ပါတီဝင်တွေ မနက်ပိုင်းလောက် ကတည်းကစပြီး သျှမ်း ၊ ပအိုဝ်းစာလုံးတွေကို အစိမ်းရောင် စပရေးဘူး တွေနဲ့မှုတ်ပစ်ပြီး ပျောက်သွားအောင် ဖျက်လိုက်ကြတယ် ။ ဘယ်နှစ်နေရာ ကျန်မလဲမသိပေမယ့် မြို့ထဲနဲ့ရွာဖက် အတော်များများတော့ ဖျက်ပြီးတာတွေ့ရတယ် " ဟု မျက်မြင် ဒေသခံတစ်ဦးမှ ပြောပြသည် ။
ပြည်သူများကြား ဝေဖန်မှု မြင့်တက်နေသော အဆိုပါ အငြင်းပွားဖွယ် ဆိုင်းဘုတ်များအား ဖျက်ပစ်ခြင်းသည် အထက်မှ ဖိအားပေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြောသည် ။
" သူတို့ တွေက အထက်ကိုမတင်ပြဘဲ သူတို့သဘောအတိုင်း လူမျိုးရေးအသုံးချပြီး မဲဆွယ်ဆိုင်းဘုတ်တွေတင်လို့ အထက်ကသိပြီး ပြန်ဖျက်ခိုင်းတာထင်ပါတယ်" ဟု ဒေသခံတစ်ဦးမှ ၄င်း၏ ထင်မြင်ချက်ကို ပြောပြသည် ။
မောက်မယ်မြို့နယ်သည် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည့်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အမတ် (၂) နေရာ အနိုင်ရရှိ ခဲ့သည် ။ ထိုစဉ်ကလည်း မဲလိမ်မဲခိုးမှု ၊ မဲမသမာမှုများရှိ ခဲ့သောဒေသများအနက် မောက်မယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု ရပ်မိရပ်ဖ များကပြောဆိုပါသည် ။
ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မောက်မယ်မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊ သျှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ ၊သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစရှိ ပါတီကြီး ၅ ခု က ယှဉ်ပြိုင်ကြမည်ဖြစ်သည် ။
Tags: General, News


