အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် RCSS/SSA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာစစ်တပ်တို့ အကြား သျှမ်းပြည်နယ် အတွင်းရှိ အနည်းဆုံးနေရာ ၂ နေရာခန့်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
“ ဒီနေ့ မနက် ၈ နာရီကျော်မှာ ခလရ ၅၁၆ နဲ့ RCSS/SSA ရဲ့ ပျောက်ကျားတပ်တွေ နမ့်စန်မြို့နယ် ၀မ်နောင်ကုန်းမုန့် တိုက်နယ်နားက တောထဲမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ် ။ ညနေပိုင်းမှာ ရပ်စောက်မြို့ နယ်မှာ တပွဲဖြစ်တယ် သူတို့ဘက်က အကျဆုံးရှိနိုင်ပေမဲ့ RCSS/SSA ဘက်ကတော့ မရှိပါဘူး ” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည် ။
ရပ်စောက်မြို့နယ် မိုင်းယွန်းတိုက်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ အတန်ငယ်ပြင်းထန်ခဲ့ကြောင်း နှင့် တပ်မတော်မှ SSA တပ်များကို လိုက်လံပိတ်ဆို့ တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲများ ဖြစ်နေရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည် ။
သျှမ်းပြည်တပ်မတော် တောင်ပိုင်း၏ RCSS/SSA တပ်များကို ထိုင်းမြန်မာနယ်စပ် မိုင်းထားဒေသသို့ ရွှေ့ပြောင်း ပေးရန် မြန်မာစစ်တပ်ဘက်မှ ညွှန်ကြားခဲ့သည့် နောက်ပိုင်း မြန်မာစစ်တပ်နှင့် သျှမ်းပြည် တပ်မတော်တို့အကြား ထိတွေ့မှုများနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး ခိုလမ် ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ လေယာဉ်နှင့် ရဟတ်ယာဉ်များကိုပါ အသုံးပြု ခဲ့သည် ။
တိုက်ပွဲများကြောင့် ရန်ကုန်တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ RCSS/SSA မှ တက်ရောက်ခြင်း မပြုခဲ့ပေ ။ တိုက်ပွဲများမှာ စက်တင်ဘာလ ၇ ရက်နေ့မှစ၍ ပြန်လည် ဖြစ် ပွားနေခြင်း ဖြစ်ပြီး ဒေသခံအရပ်သားအချို့မှာလည်း မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည် ။
သျှမ်းပြည်နယ်အတွင်းရှိ တိုက်ပွဲများကိစ္စ ဖြေရှင်းပေးမှသာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ဆက်လက်ပါဝင်ရန် စဉ်းစားမည်ဟုလည်း RCSS/SSA မှ သတင်းမီဒီယာများကို ပြောဆိုထားသည် ။
“ အခုက အစိုးရက ရန်ကုန်မှာက ဆွေးနွေးလိုက် အောက်ခြေမှာက တမျိုးဖြစ်လိုက်ဖြစ်နေတယ် ။ မလွဲ မရှောင် သာ ဖြစ်တာလား တကယ်ရည်ရွယ်ချက်ရှိရှိဖြစ်နေတာလား မေးရတော့မယ် ။ ဒီလို အချိန်မှာ တိုက်ပွဲတွေ ဖြစ် နေတာဟာ ယုံကြည်မှု ပျက်ပြားစေပြီး ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေတယ် ” - ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က သျှမ်းသံ တော်ဆင့်သို့ ပြောသည် ။
အစိုးရမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကို အောက်တိုဘာလ ပထမအပတ်အတွင်း ပြုလုပ်မည်ဟု ကြေငြာ ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တော်တော်များများမှာ အားလုံးပါဝင်သည့် အပစ်ခတ်ရပ်စဲရေး ဖြစ်လာရန် တောင်းဆိုနေသောကြောင့် လက်ရှိအနေထားအရ စစ်မှန်သည့် ပြည်လုံးကျွတ်အပစ်ခတ်ရပ်စဲရေး ဖြစ်လာရန် မလွယ်သေးဟု လေ့လာသူများက သုံးသပ်နေကြ ပါသည် ။
Tags: News, War


