မြေယာ အငြင်းပွားမှုကြောင့် ၀ အရာရှိ နှင့် အစိုးရတပ် စရဖ အရာရှိပစ်ခတ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် အတွင်း ယာမြေ ပြဿနာကြောင့် ၀ အရာရှိနှင့် အစိုးရ တပ်မတော် စစ်ဖက်လုံခြုံရေး စရဖ အရာရှိတို့ အငြင်းပွားကာ သေနတ်ထုတ် ပစ်ခတ်သည် အထိဖြစ်ရပြီး သုံးဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည် ။
၂၀၁၅ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ခွဲအချိန်တွင် မိုင်းတုံမြို့ တောင်ဘက် နားကောင်းမူး ကျေးရွာအုပ်စုအတွင်း မြေယာပြဿနာ ဖြေရှင်းရေးအဖွဲ့များ ဖြစ်ကြသည့် အစိုးရတပ်မတော် စရဖ အရာရှိ ညီညီအောင် နှင့် ၀ တပ်ဖွဲ့အရာရှိတို့ တွေ့ဆုံဖြေရှင်းကြ စဉ် မပြေလည်မှုကြောင့် နှစ်ဦးနှစ်ဘက် စကားများရာမှ စရဖ အရာရှိ ညီညီအောင်က ပစ္စတို သေနတ်ထုတ်ကာ ပစ်ခတ်ကြောင်း ၊ ၀ အရာရှိ တဦးထိမှန်သဖြင့် ၀ ဘက်မှ ပြန်လည်ပစ်ခတ် ကြောင်း ၊ ထို့အတွက် အပြန်အလှန် ပစ်ခတ်ရာမှ ၀ ဘက်မှ နှစ်ဦး ၊ အစိုးရ စရဖ အရာရှိ တဦး ( ညီညီအောင် ) ထိခိုက်ဒဏ်ရာ ရှိသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည် ။
“ ဘယ်သူက ဘယ်ဟာကို တကယ်ပိုင်ဆိုင်လဲ ဆိုတာ တပ်မတော်ဘက်က လာရောက်စုံစမ်း မေးမြန်းတယ် ။ စကားသိပ် မပေါက်ကြတော့ ၀ တွေဘက် ပြောတဲ့ဟာကို ဗမာတပ်ဘက်က နားမလည်တော့ ၊ ဘာတွေပြောလဲ ၊ ဘယ်သူက ဘာဖြစ်လဲစသဖြင့် မေးရာကနေ ကြမ်းကြမ်း တမ်းတမ်းဖြစ်သွားတော့ ပစ်ခတ်မှုဖြစ်တာ ။ အခု ဒီအမှုက ကျိုင်းတုံ အထိရောက်သွားပြီ ၊ ညီညီအောင်က ဝမ်းဗိုက်မှာ ထိမှန်တယ် ၊ သူ့ကိုလဲ မိုင်းဆတ်ပို့လိုက်ပြီ ၊ ကုဖို့ ” - ဟု နှစ်ဘက် တပ် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည် ။
“ ဟုတ်တယ် ။ ကျနော်တို့ဘက်က မှားရင် သွားတောင်းပန်လိုက်မယ် ။ အခု သူတို့ဘက်က အရင်ပစ်တာလေ ။ နောက်ပြီး ဒီဟာက ပြဿနာ အသေးအမွှားပါ ။ ပြဿနာကြီး ဖြစ်လာအောင် မလုပ်ချင်ဘူး ။ သူတို့မှားတာ သူတို့လာတောင်းပန်ပေါ့ ။ ကျနော်တို့ မှားရင်လဲ သွားတောင်းပန်မှာပေါ့ ။ အဲဒီ တပ်မတော်အရာရှိပစ်လို့ ၊ ကျနော့်လူ နှစ်ယောက်ထိသွား တယ် ။ ဒီဟာက ဘာလို့ သေနတ်ကိုင်ပြီး လာဖြေရှင်းတာလဲ ၊ မဖြစ်သင့်တဲ့ကိစ္စလေ ” - ဟု တောင်ပိုင်း ၀ အရာရှိ ဦးတာ့လူး က ပြောသည် ။
ယခု လဆန်းပိုင်းက ကျိုင်းတုံမြို့၌ ၀ အဆင့်မြင့်အရာရှိ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် တို့ တွေ့စုံစဉ် ‘ ၀ တပ်ဖွဲ့အနေဖြင့် NCA လက်မှတ် ရေးထိုးရန် တိုက်တွန်း ကြောင်း ၊ ရေးထိုးခြင်းမရှိက ထိုင်းနယ်စပ်ရှိ တောင်ပိုင်းဝ တပ်ဖွဲ့ ရှေ့ဆက် နေထိုင်ရေးကိစ္စ တာဝန်မယူနိုင်ကြောင်း’ ပြောကြား သည်ဟု သိရသည် ။
တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် အစိုးရတပ်မတော် တို့သည် သစ်တောကြိုးဝိုင်း သစ်ခုတ်မှုပြဿနာ ကြောင့် ဂျွန်လတုန်းကလည်း တလကျော်ကြာ စစ်ရေးတင်းမာမှု များဖြစ်ပွားခဲ့သည် ။
တောင်ပိုင်းဝ တပ်ဖွဲ့သည် ၁၉၉၈ က အာဏာသိမ်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် သဘောတူညီမှုရယူကာ မြောက်ပိုင်း ၀ နယ် ပန်ဆန်းဒေသမှ ထိုင်းနယ်စပ် တာချီလိတ် ၊ မိုင်းဆတ် ခရိုင်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြခြင်း ဖြစ်ပါသည် ။
၂၀၀၉ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မြန်မာအစိုးရ ဖိအားပေးစဉ် ၀ တပ်ဖွဲ့က လက်မခံသောကြောင့် ထိုင်းနယ်စပ်မှ မြောက်ပိုင်း အထူးဒေသ ၂ နယ်မြေသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ရန် ဖိအားပေး ခံရပါသေးသည် ။ ထိုစဉ်ကလည်း ၀ တပ်ဖွဲ့မှ ရွှေ့ပြောင်း ရန် ငြင်းဆန်ခဲ့မှုကြောင့် နှစ်ဘက်တပ် တင်းမာမှု ဖြစ်ပွားခဲ့သည် ။
Tags: Crime, News


