ထာဝရ ငြိမ်းချမ်းရေးဌာနေ ပြည်သူ့စစ်ခေါင်းဆောင်တဦး ပစ်ခတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အဝင်တွင် ထာဝရ ငြိမ်းချမ်းရေး ဌာနေပြည်သူ့ စစ်ခေါင်း ဆောင် ဗိုလ်မှူးတဦး အား အမည်မသိ လက်နက်ကိုင် အဖွဲ့တခုက ပစ်ခတ်ခံရသောကြောင့် မူစယ် ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြောင်း ကြားသိရပါသည် ။
စက်တင်ဘာ ၂၅ ရက် နံနက် ၂ ရီခန့်အချိန် လားရှိုးမှလာသည့် စလွန်းဂရောင်း တစီးက ကားဆရာတဦး နှင့် အတူ ဗိုလ်မှူးမိုးဝင်းဆိုသူ စီးနှင်းလာကြောင်း မူစယ်အဝင် ကတ်စတန်ရုံးအနီး ပစ်ခတ်ခံရကြောင်း ၊ အဆိုပါကားအား အမည်မသိ လက်နက်ကိုင်အဖွဲ့ တခုက ကျည်ကဒ်တခု ထက်မနည်းပစ်ခတ်ကြောင်း ၊ စလွန်းကားအား ကျည်ဆန်အချက်ပေါင်း ၁၀ ကျော်ထိမှန်ကြောင်း ကြားသိရသည် ။
“ အခု အဲဒီ ဗိုလ်မှူးက သတိလစ်နေတယ် ။ ကားဆရာက တော်တော် ကံကောင်းတယ် ။ မထိခိုက်ဘူး ။ ဒါပေမယ့် အဲဒီ ဗိုလ်မှူးလဲ ဘယ်ပခုံး မှာ တချက်ပဲထိတယ် ” - ဟု မူစယ်ကျန်းမာရေး ဝန်ထမ်းတဦးက ပြောသည် ။
လားရှိုးကားဆရာ အသိုင်းအဝိုင်းကလည်း ‘ စက်တင်ဘာ ၂၄ ည ၇ နာရီကျော်အချိန် လားရှိုးမှ ၎င်းတို့ မူစယ်သို့ ထွက် သွားကြောင်း ၊ အလုပ်အကိုင်ကိစ္စ အရေးကြီးသည်ဟုဆိုကာ ကားဆရာ အိုက်ဦး ၏ ကားအား ငှားရမ်းသွားခြင်းဖြစ် ကြောင်း ၊ လားရှိုး - မူစယ် အား ၅ နာရီခန့်သာ မောင်းရသော်လည်း ညအချိန်ဖြစ်သောကြောင့် ကားဖြည်းဖြည်းသာမောင်းရသည် ’ ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
‘ ကျနော့်အမြင်တော့ ဒီပစ်ခတ်မှုက ကချင်လက်နက်ကိုင်တို့ ပလောင်လက်နက်ကိုင်တို့ ပြောသာထက် ၊ သူ့ရဲ့ စီးပွားရေး ပြိုင်ဘက်တွေထဲကဘဲ ဖြစ်နိုင်တယ် ။ သူ့အသွားအလာကို သိနေတဲ့သူဘဲဖြစ်နိုင်တယ် ။ တကယ်တမ်း လက်နက်ကိုင် တပ်ဖွဲ့ တွေလုပ်မယ်ဆိုရင် မြို့နဲ့ဘယ်ကပ်လုပ်မလဲ ။ လုပ်နိုင်တဲ့နေရာတွေ အများကြီး ။ အစတောင်ရမှာမဟုတ်ဘူး ’ - ဟု ၎င်းနှင့်နီးစပ်သည့် တော်လှန်ရေးသမားဟောင်း တဦးက ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့အများအပြား ရှိသည် ။ ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါး ပြည်သူ့စစ် အမှတ် ၁ မှ ၅ အထိရှိသည် ။
မူစယ်မြို့နယ်အတွင်းတွင် ဦးတီခွန်မြတ် ၊ ဦးမြင့်လွင် စသည့်အဖွဲ့များ ၊ နမ့်ခမ်းမြို့နယ်တွင် ပန်းဆေးပြည်သူ့တပ်ဖွဲ့ ၊ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ---- စသည့် ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားရှိသည် ။
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များလည်း သျှမ်းတပ် ၊ ကချင်တပ် ၊ ပလောင်တပ် ၊ ရခိုင်တပ်ဖွဲ့ စသည့် လက်နက်ကိုင် တပ်ဖွဲ့များရှိသည်။ ဒေသအတွင်း အစိုးရတပ်ဖွဲ့များအပြင် အောက်ပြည်မှ အင်အားဖြည့်လှုပ်ရှားနေသည့် တပ်မ ၁၁ ၊ ၃၃ ၊ ၆၆ ၊ ၇၇ ၊ ၈၈ နှင့် ၉၉ တပ်မ များလှုပ်ရှားသွားလာသည် ။
Tags: General, News


