သျှမ်းပြည် အလယ်ပိုင်းမှာ ကျွဲ ၊ နွားများ ဒေါင့်သန်းရောဂါဖြင့် သေဆုံးမှုများ



သျှမ်းပြည်အလယ်ပိုင်း မြို့နယ် ၈ ခုအတွင်း ကျွဲ နွားများ ကောင်ရေပေါင်း မြောက်များစွာ ဒေါင့်သန်းရောဂါ ကူးစက်ကာ သေဆုံးမှုများပြား လာနေသည့်အတွက် ဒေသခံများ အထူးစိုးရိမ်နေကြောင်းကြားသိရပါသည် ။


စက်တင်ဘာ လဆန်းပိုင်းမှ စ၍ ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်များအတွင်း ကျွဲ ၊ နွားများ အကောင်ရေပေါင်းမြောက်များစွာ သေဆုံးနေကြောင်း ၊ ကျေးရွာတခုပင် ဆယ်ကောင်ထက်မနည်း သေဆုံးနေကြောင်း ၊ ရာဂဏန်းသေဆုံးဖွယ်ရှိကြောင်း တိရစ္ဆာန်ဆရာဝန်တဦးက ပြောသည် ။


“ ဒေသခံတွေက်တော့ ကာလရောဂေါပေါ့ ။ ဒေါင့်သန်းရောဂါ ပဲလိုတော့ ယူဆလို့ရတယ် ။ ရောဂါတွေ ကတော့ အမျိုးမျိုးပဲ ၊ ခွာနာ လျှာနာတယ် ၊ လည်ချောင်းကွဲရောဂါ စသဖြင့်ပေါ့ ။ စစ်ဆေးဖို့ ပစ္စည်းပစ္စယ တွေမရှိတော့ ဘာကြောင့်သေလဲ ဆိုတာပြောရခက်တယ် ။ အများအားဖြင့်တော့ နေပူလိုက် မိုးရွာလိုက် ရုတ်တရက် ကျွဲနွားတွေ ရေလာသောက်ရင် ရေငင်ပြီးတခါတည်းသေတာ ” - ပြောသည် ။


“ ထွန်စက်တွေလဲ မဝယ်နိုင်သေးဘူး ။ ကျနော့်ကျွဲက ၃ ကောင်ရှိတယ် ။ သောကြာနေ့က သုံးကောင်လုံး သေသွားတယ် ။ တရက်တည်းဘဲ ။ အခု ဘာလုပ်ရမှန်းတောင် မသိတော့ဘူး ” - ဟု သီပေါက လယ်သမား အိုက်လျန်း က ပြောသည် ။


သျှမ်းပြည်အလယ်ပိုင်း ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ်ဒေသခံများသည် လယ် ၊ ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်၏ ။ လယ်ယာလုပ်ငန်းတွင်လည်း ကျွဲ၊ နွားများအား မှီခိုအသုံးပြု၏ ။


တရုတ်နိုင်ငံမှ ထွန် ၊ ယာက် စက်ပစ္စည်းများ ဝင်လာသော်လည်း လူနည်းစုသာဖြစ်၏ ။ ယခု ကျွဲနွားများ သေဆုံးမှုသည် နောက်နှစ်လူထု ဝမ်းရေးအတွက်လုပ်ငန်းအခက်အခဲ ဖြစ်စေနိုင်မည်မလွဲဟု ကျေးသီး ရပ်မိရပ်ဖ လယ်သမား စိုင်းနု ကပြောသည် ။


ယမန်နှစ်ကလည်း မိုးနဲ ၊ ကျိုင်းတောင်း ၊ မောက်မယ် ၊ နမ့်စန်ဘက် ကျွဲနွားများဒေသ ဆုံးမှုများပြားသည် ။ ယခုနှစ်မှာ သေဆုံးမှု အနည်းအကျဉ်းသာ ရှိသည်ဟုလည်း သိရသည် ။


ကျွဲ ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ် သည့်ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူ များမှာ အရေပြားအနာများ ဖြစ်ကာ အသက်သေဆုံး သည်အထိ ဖြစ်ပွားနိုင်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates