ရွေးကောက်ပွဲ အောင်နိုင်ရေး SNLD ပါတီ ဝင်များ ပင်လုံမြို့တွင် တွေ့ဆုံ
စက်တင်ဘာလ ၈ ရက် မနက်ပိုင်းက သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင် ပင်လုံမြို့၌ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီ အောင်နိုင်ရေး သင်တန်းနှင့် လူထုတွေ့ ဆုံပွဲ စည်းရုံးရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရာ အနယ်နယ် အရပ်ရပ်က ပါတီဝင် အင်အား ၁၅၀၀ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည် ။
လူထုတွေ့ ဆုံပွဲကို ပိဋိကတ် ဟုန်းထမ်း ကျောင်းတိုက်တွင် ကျင်းပရာ ပါတီ ဥက္ကဌ ခွန်ထွန်းဦးက အမှာစကား ပြောကြားရာတွင် - " သျှမ်းပြည် ကံကြမ္မာ သျှမ်း ပြည်သားတွေ လက်ထဲမှာ ရှိတယ် ။ မကြာမီ ရွေးကောက် ပွဲကျင်းပ တော့မှာ ဖြစ်တယ် ။ ကျနော်တို့ ပါတီဝင်တွေ လွှတ်တော်ထဲ ရောက်သွားရင် အဓိက အကျဆုံး ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော်ထဲ ကနေ ပြင်ဆင်ခွင့် ရှိမယ် ။ အခြေခံ ဥပဒေ သာလျှင် ကြုံတွေ့ နေရတဲ့ ပြသနာတွေရဲ့ အရင်းမြစ် ဖြစ်တယ် "- ဟု ပြောကြားသည် ။
SNLD ပါတီမှ ဥက္ကဌ အပါ အဝင် ပါတီ အကြီး အကဲများ ဖြစ်သော အထွေထွေ အတွင်းရေးမှူး ၊ လက်ထောက် အတွင်းရေးမှူး တို့နှင့်အတူ သျှမ်းစာပေ ပညာရှင် ဆရာကြီး စိုင်းဖှ လည်း တက်ရောက်ခဲ့ ပါသည် ။
ပင်လုံမြို့ရှိ ၀ါရင့် နိုင်ငံရေး သမားများ ရပ်မိ ရပ်ဖ နှင့် ဒေသတွင်း လူငယ်ထု ၊ အနယ်နယ် အရပ်ရပ်မှ ပါတီဝင် လူငယ်များ ၊ မြို့နယ် အသီးသီးမှ ကော်မတီဝင်များ ၊ ဗဟို ကော်မတီဝင်များ စုစုပေါင်း အင်အား ၁၅၀၀ ခန့် တက်ရောက် ကြသည် ။
ပါတီ လက်ထောက် အတွင်းရေးမှူး လည်းဖြစ် ပြောရေး ဆိုခွင့် ရှိသူလည်း ဖြစ်သည့် စိုင်းလိတ်က - " သျှမ်း လူထု အများဆုံး နေထိုင်တဲ့ သျှမ်းပြည်နယ် ကချင် ပြည်နယ်နဲ့ မန္တလေးတိုင်း တွေမှာ ကျနော် တို့ ၁၅၈ နေရာ ဝင်ပြိုင်မယ် ။ အမျိုးသား လွှတ်တော် ၁၄ ယောက် ၊ ပြည်သူ့ လွှတ်တော် ၄၈ ယောက် ၊ တိုင်းရင်းသား ရေးရာ ၂ ယောက် ၊ ပြည်နယ် လွှတ်တော် ၉၄ ယောက် ဖြစ်ပါတယ် "- ဟုပြောဆို သည် ။
အဆိုပါ လွှတ်တော် ကိုယ်စားလှယ် ၁၅၈ ဦးမှာ သျှမ်းပြည် တောင်ပိုင်းတွင် ၅၆ ဦး ၊ မြောက်ပိုင်း ၄၁ ဦး အရှေ့ပိုင်း ၃၉ ဦး မန္တလေးတိုင်း ၄ ဦး ၊ ကယား ပြည်နယ်တွင် ၁၄ ဦးနှင့် ကချင် ပြည်နယ်တွင် ၁၁ ဦး ယှဉ် ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည် ။
ပိဋိကတ် ကျောင်းတိုက်တွင် တွေ့ဆုံပြီးနောက် တက်ရောက် လာသည့် လူထုမှာ ပင်လုံ ကျောက်တိုင် သို့ သွားရောက်ကာ စုပေါင်း ဓါတ်ပုံရိုက်ကြ ပါသည် ။ ပင်လုံမြို့သည် ၁၉၄၇ က ပြည်ထောင်စု အတူ တကွတည်ဆောက်ရန် သျှမ်း ၊ ကချင် ၊ ချင်း ခေါင်းဆောင်များ နှင့် ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူ လက်မှတ်ရေးထိုးသည့် သမိုင်းဝင် မြို့ဖြစ်သည် ။
Tags: News, politic


