“ အစိုးရ ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားရသည့် သျှမ်းပြည်သားများအတွက် ဆုတောင်းပွဲ ” ချင်းမိုင်ရောက်သျှမ်းများကျင်းပ



သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးစစ်ဒဏ်ခံနေရသူများနှင့် စစ်မြေပြင်တွင် သေဆုံးသွားရသည့် ဒေသခံလူထု များအားရည်စူး၍  ထိုင်းနိုင်ငံရောက် သျှမ်းလူမှုအဖွဲ့အစည်းက ဆုတောင်းပွဲကျင်းပခဲ့သည် ။ 

ဝပ်ကူတောက်ဘုန်းကြီးကျောင်းတွင်ပြုလုပ်သော သျှမ်းပြည်သားများ ငြိမ်းချမ်းစေရန် ဆုတောင်းပွဲ

“ အစိုးရ ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားရသည့် သျှမ်းပြည်သားများအတွက် ”  ဆုတောင်းပွဲကို ချင်းမိုင်မြို့ ဝပ်ကူတောက်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ ဆုတောင်းပွဲ တက်ရောက်သူ လူမှုအသင်းအဖွဲ့များ ရွှေ့ပြောင်း အလုပ်သမားများ စုစုပေါင်း ၃၀၀ ခန့်ရှိပါသည် ။


“ ပြီးခဲ့တဲ့ ၆ ရက်နေ့ကနေ ကနေ့ထိ အစိုးရရဲ့ အဆက်မပြတ်ထိုးစစ်ဆင်မှုကြောင့် ကျေးသီး မိုင်းနောင် မိုင်းရှူးမြို့နယ်ထဲက ဒေသခံလူထု ၁၀၀၀ ကျော်ဟာ စစ်ဘေးတိမ်း ရှောင်နေကြရ တယ် ။ စစ်ဘေးရှောင်ရင်း တောထဲမှာ မီးဖွားကြရတာလည်း ၄ ဦးရှိပါ တယ်။ တချို့ကလည်း ဂူတွေထဲမှာ မီးဖွားရပါတယ် ။ တချို့က လည်း တောတောင် ချောက်ကမ်းပါး ထဲမှာမီးဖွားရပါ တယ် ။ တိုက်ပွဲကြောင့် ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ သျှမ်းပြည်သားတွေ အမြန်ဆုံး အေးချမ်းစွာ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆုတောင်းပွဲလုပ်ရ တာဖြစ်တယ် ” ဟု ဆုတောင်းပွဲ ကျင်းပရေးအဖွဲ့ Shan CBOs အဖွဲ့ကိုယ်စား စိုင်းခေးးဆိုင်က ရှင်းလင်း ပြောဆိုပါသည် ။


ဆုတောင်းပွဲ ဦးဆောင်ကျင်းပသော သျှမ်းလူမှုအဖွဲ့အစည်း  Shan CBOs တွင်ထိုင်းနိုင်ငံ ချင်းမိုင်ရောက် သျှမ်းအမျိုးသားရေးအတွက်လှုပ်ရှားနေသည့် အဖွဲ့ ၁၈ ဖွဲ့ဖြင့် စုပေါင်းဖွဲ့ စည်းထားသည် ။


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘော တူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပသည့် အောက်တိုဘာ ၁၅ ရက် တွင်ပင် စစ်ဘေးသင့် သျှမ်းပြည် သားများအတွက် ဆုတောင်းပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည် ။


ဆုတောင်းပွဲကို ည ရ နာရီတွင် စတင်ကျင်းပခဲ့သည် ။ ဝပ်ကူတောက်ကျောင်းထိုင်ဆရာတော် ထံ သီလ ၅ ပါးခံကာ အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် သေဆုံးသွားသည့် သျှမ်းပြည်သားများ အတွက် ဆုတောင်း မေတ္တာပို့ကြသည် ။ ဆုတောင်းပွဲလာပရိသတ်များအား ဟောပြောပွဲဖြင့်လည်းကောင်း ဗီဒီယိုဖိုင်ဖြင့် လည်းကောင်း ၊ နံရံကပ် ဓါတ်ပုံဖြင့်လည်းကောင်း ပြသခဲ့သည် ။


ထိုနောက် သျှမ်းလူမှုအဖွဲ့အစည်းမှ အောက်တိုဘာ ၁၅ ရက်တွေင်ပင် ထုတ်ပြန်သော  “ စစ်မှန်သော ငြိမ်းချမ်းရေးလိုလားပါက အပစ်ရပ်တိုင်းရင်း သားနယ်မြေအတွင်း အစိုးရစစ်အင် အားတိုးချဲ့ တိုက်ခိုက်ခြင်းမှရပ်တန့်ဖို့လို ” ဟူသည့်  ကြေငြာချက် အင်္ဂလိပ်ဘာသာ မြန်မာဘာသာ ၊ သျှမ်းဘာသာတို့ကို ဖတ်ကြားခဲ့သည် ။


“ သျှမ်းပြည်တွင်း လက်ရှိဖြစ်ပွါးနေတဲ့အခြေအနေကို  ရှင်းပြမှုအပြီးမှာ ကျနော်တို့ ဆုတောင်း ပွဲတက်ရောက် တဲ့သူတွေကနေ ဖယောင်းတိုင်မီးထွန်းပြီးတော့ ဝပ်ကူတောက် ကျောင်းဝင်း ထဲက စေတီကြီးကို ၃ ပတ် ပတ်ပြီး သျှမ်းပြည်ကြီး စစ်ဘေးစစ်ဒဏ်က အမြန်ကင်းလွတ်ပါ စေကြောင်း ၊ သျှမ်းပြည်သားတွေလျင်မြန်စွာ အေးချမ်းသာယာစွာနေထိုင်နိုင်ပါစေကြောင်း ဆုတောင်းကြပါတယ် ” ဟု ဆုတောင်းပွဲတက်ရောက်သူ စိုင်းဟတ် ကပြောသည် ။


ဆုတောင်းပွဲတွင် သျှမ်းပြည်တွင်းမှလာသော အသင်းအဖွဲ့ အချို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည် ။


အဆိုပါကဲ့သို့သော ဆုတောင်းပွဲကို ယမန်နှစ် သီတင်းကျွတ်လပြည့်နေ့က ဝပ်ကူတောက်ဘုန်း ကြီးကျောင်း၌ ကျင်းပခဲ့ဖူးပါသည် ။ ထိုစဉ်က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌကြီး ခွန်ထွန်းဦး ၊ သျှမ်း ပြည် တပ်မတော် နာယက ဒုတိယ ဗိုလ်ချုပ်ကြီးဆေထင်တို့ ဦးဆောင်သည့်အဖွဲ့လည်း ထိုင်းနိုင်ငံခရီးစဉ် နှင့်ကြုံသောကြောင့် ဆုတောင်းပွဲသို့ ပါဝင်ခဲ့ပါသေးသည် ။ 






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates