SSPP/SSA ဌာနချုပ် နှင့် အနီးဆုံးတပ်စခန်းတခုအား အစိုးတပ်အပြင်းအထန် ထိုးစစ်ဆင်



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အခြေစိုက်သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဌာနချုပ် လုံခြုံရေးတပ်စခန်း အား အစိုးရတပ်မတော် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရက ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်တောင်ဘက် မိုင်းအတ် တပ်စခန်းအား ယမန်နေ့က အစိုးရ တပ် အင်အားအလုံးအရင်းဖြင့် ချီတက်ဝိုင်းရန်ထားကြောင်း ၊  အောက်တိုဘာ ၁၆ ရက် ယမန်နေ့ ညနေ ၅ နာရီမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ညသန်းခေါင်ဘက် ငြိမ်သက်သွားသော်လည်း ယနေ့ နံနက် ၇ နာရီမှစ၍ အပြင်းအထန်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက် လာနေကြောင်း - ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည် ။


“ ဝန်ကြီးဦးခင်မောင်စိုးက ငြိမ်းချမ်းရေးကို ရှေးရှုပြီး တာ့ဆမ်ပူးကနေ ရှောင်ပေးပါဆိုလို့ ကျနော်တို့ ရှောင်ပေးပြီးပြီ ။ အခုလဲ တောနင်းပြီး မိုင်းအတ် တပ်စခန်းကို လာတိုက်နေတယ် ။ လွယ်ကျူ မောက်ခေါဝ် ကနေ လက်နက်ကြီးတွေနဲ့ ဝမ့်ဟိုင်းကိုလဲ လှမ်းပစ်သေးတယ် ။ လူနေရပ်ကွက် နားကျကွဲတယ် မနေ့ညသန်းခေါင်တုန်းက ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ ကပြောသည် ။


စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ် စကခ အမှတ် ၂ မိုင်းနောင်ဘက်မှ ဝမ့်ဟိုင်းဌာနချုပ်ဘက် တက်လာ သည့် အင်အားသုံးရာခန့်ရှိ စစ်ကြောင်း ဖြစ်သည်ဟု ဆိုသည် ။ ညသန်းခေါင်အချိန်တွင်လည်း ဝမ့်ဟိုင်းဌာနချုပ်အနီးသို့ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်သေးကြောင်း ပြောသည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးထားသည့် အတွက်ကြောင့် ထိုးစစ်ဆင်တိုက်ခိုက်မှုအားဖြေရှင်း ရန် အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် စဝ်နော်လိတ်တို့ ဆွေးနွေးကြသေးကြောင်း ကြားသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates