ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်မှမဲပေးခွင့်ရှိ ၊ မြန်မာကောင်စစ်ဝန်ရုံးပြော



ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများမှာ မိမိအိမ်ထောင်စုစာရင်းရှိရာ နေရပ်ရင်းသို့ ပြန်ကာမဲပေးပါမှ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံချင်းမိုင်မြို့ မြန်မာကောင် စစ်ဝန်ရုံး ကပြောသည် ။


မြန်မာနိုင်ငံအစိုးရထုတ်ပေးသော နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများမှ သံရုံးနှင့်ကောင်စစ်ဝန်ရုံးတို့ တွင် ပုံစံ ၁၅ ဖြင့် မဲပေးခွင့်တောင်းခံလွှာတင်ပြီးသူများသာ ထိုင်းနိုင်ငံအတွင်းဖွင့် ပေးမည့် မဲရုံ ၂ ရုံတွင် မဲပေးရမည်ဖြစ် ကြောင်း ကောင်စစ်ဝန် ဦးစန်းယုကျော်က သျှမ်းသံတော်ဆင့်အား ပြောပါသည် ။


“ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားချက်အရ အစိုးရခွင့်ပြုချက်နဲ့ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံ သား မဲဆန္ဒရှင်တွေကနေ မြန်မာသံရုံး မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေမှာ မဲပေးဖို့ မဲပြား တောင်းခံတဲ့ပုံစံ ၊ ကျနော် တို့အခေါ်က ပုံစံ ၁၅ ဖြည့်စွက်ပြီး လာရောက်လျှောက်ထားသူ  ၁၄၂ ဦးရှိပါ တယ် ။  ကျနော်တို့ စက်တင်ဘာလ ၁၉ ရက်နေ့တုန်းက ဖောင်ပိတ်ပါတယ် ။ လာမယ့်ဒီ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကျနော်တို့ကောင်စစ်ဝန်ရုံးမှာ ကြိုတင် မဲလာပေးရ ပါမယ် ။ ကျနော်တို့  ချင်းမိုင် ကောင် စစ်ဝန်ရုံးက ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ထဲက မြန်မာနိုင်ငံသားတွေကိုတာဝန်ယူရတာ ပါခင်ဗျ ။ ” ဟု ကောင်စစ်ဝန် ဦးစန်းယုကျော်က ရှင်းပြပါသည် ။


ထိုင်းနိုင်ငံ တောင်ဘက်ခြမ်းတွင်မူ မဲဆန္ဒရှင်များမှ  ပုံစံ ၁၅ ဖြင့် လာရောက်လျှောက်ထားသူများအား ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အောက်တိုဘာ ၁၇ ရက်တွင်ပင် ကြိုတင်မဲပေးရမည်ဖြစ်သည်ဟု ဆိုပါသည် ။


“ ကျနော်တို့က သီးခြားစီအလုပ်လုပ်ရတာဆိုတော့ တခြားသံရုံးကရရှိတဲ့ မဲဆန္ဒရှင်အရေအတွက် ဘယ်လောက် ရှိတာဆိုတာ မသိနိုင်ပါဘူးခင်ဗျ ။” ဟု ကောင်စစ်ဝန်မင်း ကပြောသည် ။


ထိုင်းနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်စုစုပေါင်း အတိအကျ မသိနိုင်သော်လည်း အဆိုပါပုံစံ ၁၅ ဖြင့် လျှောက်လွှာမတင်လိုက်ရသူများအပြင်၊ ထိုင်းရောက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းကျော်တို့မှာ နေရပ်ပြန်မဲပေးပါမှ မဲပေးပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ကောင်စစ်ဝန်က ပြောပါသည် ။


“ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ သူတို့တွေအားလုံးသိအောင် အဘက်ဘက်က အသိပေးကြေငြာ ပေးခဲ့ပါတယ် ။ ကောင်စစ်ဝန်ချုပ်ရုံးရဲ့ကြော်ငြာဆိုင်းဘုတ်တွေမှာ  ၊ ဖေ့စ်ဘုတွေမှာ ၊ ချင်းမိုင် တက္ကသိုလ်တွေက သံရုံးကိုဆက်သွယ်တဲ့ကျောင်းသားတွေကနေ ၊ ဘုန်းကြီးကျောင်းတွေကနေ ၊ လူမှုအသင်းလှုပ်ရှား နေသူတွေ ၊ လိုကယ်ကွန်မြူနတီမှာလုပ်နေတဲ့မြန်မာတွေ ဆီကနေ ကြော်ငြာစာတွေ ပေးခဲ့ပါတယ် ။” ဟု ဦးစန်းယုကျော်က ပြောဆိုပါသည် ။


ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ယခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့ကဖွင့်လှစ်ခဲ့ပါသည် ။ ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ဖြစ်သော ချင်းမိုင် ၊ ချင်းရိုင်း ၊ ဖယောဝ် ၊ နန့် ၊ ဖရဲ့ ၊ လမ်းပန်း ၊ လမ်းပွန်း ၊ မယ့်ဟောင့်ဆောင်နှင့် ဥတရတစ် တို့မှ မြန်မာနိုင်ငံသားများအတွက် တာဝန်ယူ ဝန်ဆောင်မှုပေးသည်ဟု သိရပါသည် ။


ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ ရှိပါသည် ။  ၁၉၉၆ မှ ၁၉၉၈ ဧပြီလ အထိ ထိုစဉ်စစ်အစိုးရသည် သျှမ်းပြည်တောင်ပိုင်း လွယ်လင် ၊ ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ နမ့်ဇန် ၊ ကွန်ဟိန်း ၊ မိုးနဲ ၊ လင်းခေး ၊ မိုင်းပန်မြို့နယ်အတွင်း ကျေးရွာ ၁၄၇၈ ရွာ လူဦးရေသုံးသိန်း ကျော်အား နေရပ်မှ အဓမ္မ ပြောင်းရွေ့ခိုင်းခဲ့သည် ။  စစ်ဘေးရှောင်သျှမ်းပြည်သားများသည် ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်တွင် မယ်ဆိုင် ၊ မယ်ဖလုံ ၊ ချင်းရိုင်း ၊ ချင်းမိုင်ခရိုင်တွင် ချင်းမိုင် ၊ ချိုင်းဒေါဝ် ၊ ဖှန် ၊ မယ်အိုင်း ၊ ချိုင်းပရကန်း ၊  မယ်ဟောင်ဆောင် ခရိုင်တွင်မူ မယ်ဟောင်ဆောင် နှင့် မုံးပိုင်းမြို့နယ်တို့၌ ပြောင်းရွှေ့ကာအလုပ်လုပ်ခဲ့ကြသည် ။ ထို့အပြင် နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက်ယူမှုအရ စစ်ဘေးစစ်ဒဏ်အပြင် စီးပွားရေးအခက်အခဲကြောင့် နှစ်စဉ်နှစ်တိုင်းလည်း သျှမ်းပြည်သားများ နေရပ်စွန့်ခွါကာ ထိုင်းနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေကြပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates