SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ထောင်ကျော် စစ်ဘေးဒဏ်သင့်
တပြည်လုံးအပစ်ရပ်ရေး NCA စာချုပ်ချုပ်ဆိုရန် နေပြည်တော်တွင် ပြင်ဆင်နေချိန် သျှမ်းပြည် တောင်ပိုင်း ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် ၊ တန့်ယန်း မြို့နယ်အတွင်း အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုနေသဖြင့် ဒေသခံ တထောင် ကျော် နေရပ်မှ စွန့်ခွါကာစစ်ဘေးရှောင် နေကြပါသည် ။
![]() |
| ဟိုင်းပါဘုန်းကြီးကျောင်းရောက် စစ်ပြေးဒုက္ခသည်များ |
" မိုင်းရှူးမြို့နယ် ဟိုင်းပါအုပ်စုက ၂၄ ရွာထဲက နောင်ခိတ်ရွာ ၁၆၈ ယောက် ၊ နားပေရွာက ၁၄၅ ယောက် ၊ တာ့ဆမ်ပူးက၂၄၃ ယောက် ၊ ကောင်းနင်က ၃၂၀ ယောက်က ၊ နမ့်ပါမုန်း ၃၈၃ ယောက် ၊ ဟိုနမ့် ၆၆ ယောက် စုစုပေါင်း ၁၃၀၀ ကျော်တယ် ။ အခုဟိုင်းပါ ဘုန်းကြီး ကျောင်း မှာ စစ်ဘေးရှောင် ၁၁၇ ယောက်ရှိနေတယ် ။ တချို့လည်း ဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြ တယ် " - ဟု မိုင်းရှူးမှ လူငယ်များကပြောသည် ။
အောက်တိုဘာ ၁၃ ရက်နေ့က မြောက်ပိုင်း သျှမ်းပြည်တပ်မတော် SSPP/SSA ၀မ့်ဟိုင်းဌာန ချုပ် အနီးသို့ အစိုးရတပ်မတော် တပ်မ ၅၅ ၊ စစ်ဆင် မှုကွပ်ကဲရေး ဌာနချုပ် စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ အင်အားဖြည့်ကာ သျှမ်း ပြည်တပ်မတော်ဌာနချုပ် လုံခြုံရေး တပ်စခန်း သုံးခုအား ထပ်မံတိုက်ခိုက်ခဲ့ပါသည် ။
" အခုစစ်ပြေးဒုက္ခသည် တွေကို သွားရောက်ကူညီဖို့ စီစဉ်နေပါတယ် ။ နမ့်ခုံး ပရဟိတ အသင်းက လည်း ထောက်ပံ့စ္စည်းတွေ ဟိုင်းပါကို ပေးပို့ ထား တယ် လို့ကြားရပါတယ် ။ တခြားတော့ မတွေ့ သေးဘူး ။ " - ဟုလည်း မိုင်းရှူးမှ လူငယ်အများအဖွဲ့က ပြောသည် ။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်အား အစိုးရတပ် က အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ပါသည် ။
SSPP/SSA သည် NCA လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သည့်အတွက် လက်မှတ်ထိုး လာစေရန် ဖိအားပေးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည် တပ်မတော်က ပြောသည် ။ မည်သို့ ပင်ဆိုစေ သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရ နှင့် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့်အပစ် ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်ပါသည် ။
Tags: News, War


