တာချီလိတ်ခရိုင် ရွာသားများအား ရွှေတွင်းလုံခြုံရေး အစိုးရတပ်ပစ်ခတ် တဦးသေဆုံး



ရွှေတူးဖေါ်မှုကြောင့် လယ်ယာမြေပျက်စီးသွားသော တာချီလိတ်ခရိုင် နားဟိုင်းလုံ ဒေသခံ များက  ချောင်းဦး ရေထွက် ရွှေတူးဖေါ်ရာဒေသသို့ သွားရောက်ကြည့်ရှုရာတွင် ရွှေတွင်း လုံခြုံရေးယူပေးသည့် အစိုးရတပ်မှ ပစ်ခံသဖြင့် ဒေသခံတောင်သူ လယ်သမား တဦး သေဆုံးသွားကြောင်း သိရသည် ။

နားဟိုင်းလုံ ရွှေလုပ်ကွက်

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသခံများ နမ့်ခမ်းချောင်းဦးပိုင်း ချောင်းဦးရေထွက် စစ်ဆေးရန် သွားရောက်ကြည့် ရှုစဉ် ရွှေတွင်းလုံခြုံရေးယူပေးသည့် မိုင်းဖြတ်အခြေစိုက်  ခမရ  ၃၃၀ မှ ပစ်ခတ်ရာ နားဟိုင်းလုံဒေသခံ အသက် ၅၃ အရွယ် စိုင်းဆမ် ဆိုသူ သေဆုံးသွားသည်ဟု သိရသည် ။


“ ရွှေမတူးဖို့ ကျမတို့ ဝန်ကြီးစိုင်းအိုက်ပေါင်း ကို ပြောထားတယ် ။ သူလဲ လာရောက်စစ်ဆေး တယ် ။ ဒါပေမယ့် ရွှေတူးတာမရပ်ဘူး။ တူးနေတုန်း ။ ရေချောင်းလဲ သုံးမရတော့ဘူး ။ မိုးတအားရွာတော့ ရေက စီးချင်သလိုစီးဆင်းနေတာ ။ အဲဒါကို ကုမ္ပဏီအသစ်လဲ လာတူး နေတယ်ဆိုလို့ သွားကြည့်ဖို့ပါ ။ အဲဒီဒေသမှလုံခြုံရေးယူပေးတဲ့ အစိုးရတပ်နဲ့ သွားတိုးလို့ ပစ်ခတ်ခံလိုက်ရတာ ” - ဟု စိုင်းဆမ် အလောင်း ပြန်လည်ရရှိရေးအတွက် သွားရောက် တောင်းဆိုသူ ဆရာမ နန်းလာ ကပြောသည် ။


ယမန်နေ့က ပစ်ခတ်ခံရသည့် လုံး(ဦး)စိုင်းဆမ် ၏ အလောင်းအား မည်သူမျှ မတွေ့ရှိ သေးကြောင်း ၊ စစ်ဖက်လုံခြုံရေးအရာရှိတဦး အတည်ပြုပြောပြချက်အရ လုံးစိုင်းဆမ် သေဆုံးသွားသည်ဟုသိရကြောင်း ၊ ဒဏ်ရာရရှိစဉ် မိုင်းဖြတ်သို့ သယ်ဆောင်သွားကြောင်း ၊ မိုင်းဖြတ်၌ကုသစဉ် သေဆုံးကြောင်း ၊ ထို့အတွက် အလောင်းရရှိရေးအတွက် မိုင်းဖြတ်သို့ ဒေသခံများရောက်ရှိ တောင်းဆိုနေကြောင်း သိရှိရသည် ။


“ ဒီကိစ္စက မိုင်းဖြတ်မြို့မှာ ရွေးကောက်ပွဲဝင်မဲ့ အမတ်လောင်း စိုင်းဆမ်တစ်ဖေ က ကိုယ်တိုင်သွား ရောက် ကူညီပေးနေတယ် ။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရ သေးဘူး ။ အချက်အလက်တွေ ကောက်ယူနေ တုန်း ” - ဟု တာချီလိတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဆိုင်လျန်းခေး ခေါ် စိုင်းသိန်းအောင် က ပြောသည် ။


သီးခြားအတည်ပြုချက် မရသေးသည့် သတင်းအရ စိုင်းဆမ်အား အစိုးရတပ်မတော်မှ ပစ်ခတ်သေဆုံးကာ တောတောင်အတွင်း ပစ်ထားကြောင်း ဆိုသည် ။


နားဟိုင်းလုံရွာဦး နမ့်ခမ်းချောင်းဦးရေထွက်ရှိရာ လွယ်ခမ်းတောင်ကျောတွင် ၂၀၀၇ မှ စ၍ ကုမ္ပဏီများ ရွှေတူးဖေါ်နေပါသည် ။  ရွာသားများတောင်းဆိုချက်အရ ၂၀၁၄ နှစ်လယ် ပိုင်းက ကုမ္ပဏီများအား ရွှေတူးဖေါ်မှုရပ်ဆိုင်း၍ ဒေသခံများ လယ်ယာ မြေပျက်ဆီးဆုံးရှုံးမှုများအားလုံးလျော်ကြေးပေးရန် သျှမ်းပြည်နယ် အစိုးရ သစ်တောနှင့်သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်းက ညွှန်ကြားခဲ့သည် ။ ၎င်းကိုယ်တိုင်လည်း ထိုဒေသသို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ကွင်းဆင်းညွှန်ကြားခဲ့ပါ သည် ။ သို့သော် ယနေ့တိုင်ရွှေတူးဖေါ်မှု ရပ်ဆိုင်းခြင်းမရှိသေးပေ ။


လက်ရှိတွင် စိုင်းစိုင်းစိုက်ပျိုးရေး ၊ စိုင်တစ် ၊ လွယ်ခမ်းလုံ ကုမ္ပဏီများအပြင် အခြားကုမ္ပဏီငယ်များလည်း အများအပြားရွှေများ တူးဖေါ်ကျင်ယူနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates