မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြည်သူ့စစ်ခေါင်းဆောင် ပိုင်းတဦးအား TNLA ဖမ်းဆီး



သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း သွားလာသည့် ပြည်သူ့စစ်ခေါင်းဆောင်တဦးအား မူးယစ်ဆေးဝါးများနှင့်အတူ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် မှ ဖမ်းဆီးရမိသည်ဟု တအာင်းတပ် ပြန်ကြားရေးဌာနက ထုတ်ပြန်သည် ။


အောက်တိုဘာလ ၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာတွင် ပန်းဆေးပြည်သူ့စစ် လက်အောက်ခံ ခိုမုန်းရွာပြည်သူ့စစ် ဒုအဖွဲ့ခေါင်းဆောင် ဦးတွန်ဆန်း (ဘ) ဦးတွန်ချန်း ထံ ဘိန်းဖြူ (၀.၀၃၅) ဂရမ်နှင့် ဘိန်းမဲ ၅ ကျပ်သား ၊ ပြည်သူ့စစ်ယူနီဖောင်းနှင့် လက်ကိုင်စကားပြောစက် ၃ လုံး ကို တအာန်းတပ်ဖွဲ့က ဖမ်းဆီးရမိသည်ဟု ဆိုပါသည် ။


“ ဘိန်းတွေ ရောင်းချနေတယ်လို့ သတင်းရလို့ ကျနော်တို့ တပ်မဟာ (၁) လက်အောက်ခံ မူးယစ်အထူး အဖွဲ့ နှင့် တပ်ရင်း (၅၇၁) ပူးပေါင်းအဖွဲ့က သွားဖမ်းတာ။ ခိုမုန်းရွာဆိုတာက ကွတ်ခိုင်မြို့ရဲ့ အနောက်ခြမ်း ။ ပြည်ထောင်စု လမ်းမကြီးရဲ့ အနောက်ခြမ်း ၅ မိုင်ကျော်အကွာမှာရှိတယ် ။ အဲဒီပြည်သူ့ စစ်ကို ဘာပြစ်ဒဏ် ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး ။ သူ့ရဲ့အဆက်အသွယ် ကိုလိုက်ပြီးတော့ စစ်ဆေးပြီးမှဘဲ သူ့ကို ဘာအပြစ်ပေးမယ်ဆိုတာ အမိန့်ချမှာ။ ဖမ်းမိပစ္စည်းတွေကိုတော့ သူ့ရှေ့မှာဘဲ မီးရှို့ပစ်လိုက်ပါတယ် ။” - တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီးတာ့ အိုက်ကျော်က ပြောသည် ။


တဖက်ကလည်း စက်တင်ဘာလအတွင်း အစိုးရတပ်နှင့် တအာန်းတပ် ဖွဲ့တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွါးနေကြောင်း တာ့အိုက်ကျော်က ပြောသည် ။


“ တိုက်ပွဲကြောင့် လူထုကိုတော့ ထိခိုက်တာမရှိဘူး ။  ဒါပေမယ့် တိုက်ပွဲ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တော့ လူထုရဲ့ လုပ်ငန်းနဲ့ စီးပွါးရေးကို ထိခိုက်မှာမလွဲပါဘူး ။” - ဟုဆိုပါသည် ။


ပန်းဆေးပြည်သူ့စစ် ဒေသသည် မူးယစ်ဆေးဝါး အများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အများစုသည် အဆိုပါဒေသမှ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်း တအာင်းတပ်ဖွဲ့ကပြောသည် ။ ကွတ်ခိုင်မြို့နယ်အတွင်းတွင် တအာင်းတပ်ဖွဲ့အပြင် ကချင်တပ် ၊  မုံးစီးပြည် သူ့စစ်တပ် ခိုမုန်းပြည်သူ့စစ်တပ်ဖွဲ့တို့ လှုပ်ရှားပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates