စစ်ဘေးသင့်သူဘဝ ပြန်လည်ထူထောင်ရေး လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး ကူညီမှုပေးရန် ဆွေးနွေး
Ethnic Peace Resources Project EPRP က ကမကထပြုကာ သျှမ်းပြည်တွင်း လူမှုအဖွဲ့အစည်းများ တွေ့ဆုံမှုကို တောင်ကြီးမြို့ ကောင်းလွန်း မိုတယ် တွင် ကျင်းပခဲ့သည် ။
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှးမြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်သို့ပြန်ပြီး ပြန်လည်ထူထောင်နိုင်ရန် သျှမ်းပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအားလုံး ချိတ်ဆက်ပြီး တစ်စုတစ်စည်း တည်း သွားရောက် ကူညီနိုင်ရန်အတွက် ဒီဇင်ဘာ ၁၆ ရက်က ဆွေးနွေးခဲ့ကြောင်း သိရသည် ။
သျှမ်းပြည်တွင်း တိုက်ပွဲက နှစ်လကျော်ကြာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်များအား အဖွဲ့အစည်းအသီးသီးက အားတက်သရော ဝင်ရောက် ကူညီကြသော်လည်း နှစ်ဘက်စစ်ပွဲ အရှိန်ပြင်းထန်ပါက အဖွဲ့အစည်းများ စုပေါင်းပြီးကူညီမှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း နမ့်ခုံးရှမ်းများ ပရဟိအသင်း အဖွဲ့ဝင် နန်းနွန်းမိုက ပြောသည် ။
“ လူမှု အဖွဲ့အစည်းတွေ ကူညီနေတာလည်း ထိရောက်မှုသိပ်မရှိသလို လက်ခံတဲ့ ပြည်သူတွေလည်း အကျိုးသက်ရောက်မှု သိပ်မရှိမှာ ကြောက်တယ် ။ အဲ့ကြောင့်မလို အဖွဲ့အစည်းတွေအားလုံး စုပေါင်းပြီး အမြို့မြို့အနယ်နယ်က အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး တကယ့်ကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ကူညီတာ ပိုပြီးထိရောက်မယ်ပေါ့ ” ဟု ၄င်းက ပြောသည် ။
ဆွေးနွေးပွဲသို့ သျှမ်းပြည်အတွင်းရှိ လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် ၂၀ ကျော် တက်ရောက်ခဲ့သည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ယက် အဖွဲ့ဝင် စိုင်းဆိုင်မိန်း က - စစ်ဘေးသင့် ပြည်သူများဘဝ ပြန်လည်ထူထောင်ပေးရေးအတွက် ၄င်းတို့၏ လိုအပ်ချက်များကိုသိပါမှ ကူညီထောက်ပံ့ပေးမည့်နည်းလမ်း သိမည်ဖြစ်ကြောင်းပြောသည် ။
“ ပြန်လည်ထူထောင်ဖို့ဆိုတာ အချက်အလက်တွေ အရင်ကောက်ရမှာပေါ့ ။ အချက်အလက်တွေ ကောက်ဖို့အတွက်လည်း လူမှု အဖွဲ့အစည်းအားလုံး အတူတူလက်တွဲပြီး အတူတူအလုပ်လုပ်ကြတာပေါ့ ” ၄င်းက ဟု ပြောသည် ။
အဆိုပါ ဆွေးနွေးပွဲသို့ သျှမ်းပြည်မြောက်ပိုင်း / တောင်ပိုင်းရှိ လူမှုအဖွဲ့အစည်းများ (CSO) များနှင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်အဖွဲ့များကို ကူညီဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများ တက်ရောက်ကြပါသည် ။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
ဒီဇင်ဘာ ၁၆ ရက် ၂၀၁၅

Tags: General, News