NLD ပါတီထောက်ခံမှုဖြင့် အတည်ပြုလိုက်သော နိုင်ငံရေးမူဘောင်ကြောင့် ညောင်နှစ်ပင် ကဲ့သို့ ညီလာခံသာ ဖြစ်လာနိုင် ဟု ခွန်ထွန်းဦးပြော
NLD ပါတီ၏ ထောက်ခံမှုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က သဘောတူနိုင် ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကြောင့် စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မလာနိုင်ပဲ ယခင်စစ်အစိုးရလက်ထက်က ကျင်းပခဲ့သည့် အမျိုးသား ညီလာခံကဲ့သို့ သော ညီလာခံမျိုးသာ ဖြစ်လာနိုင်ကြောင်း သျှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦးက ဝေဖန်ပြောကြား လိုက်ပါသည် ။
“ အခု ဒီပုံအတိုင်းဆိုရင် အရင်စစ်အစိုးရလက်ထက်က ညောင်နှစ်ပင်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံ လိုမျိုးလို ဆွေးနွေးပွဲမျိုးတွေ သာ ပေါ်ပေါက် လာဖို့ ရှိနေတယ် ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က နေပြည်တော်တွင် သဘောတူခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်ပြီး ပြောဆိုသည် ။
အခြေခံ ဥပဒေပြင်ဆင်ရေးနှင့်အနာဂတ် ပြည်ထောင်စု တည်ထောင်ရေးတို့ အတွက် အရေးပါသည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် နိုင်ငံရေး မူဘောင်ရေးဆွဲရေး အစည်းဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ် ဦးရေ ရ၀၀ နှင့် အစိပ် ( ရ ) စိပ်ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို NLD ပါတီ၏ ထောက်ခံ ချက်ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည် ။
အတည်ပြုခဲ့သော မူဘောင်အရ အစိုးရ ဘက်မှ ရ၅ ဦး ၊ လွှတ်တော်မှ ရ၅ ဦး ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ဘက်မှ ၁၅၀ ဦး ၊ တပ်မတော်မှ ၁၅၀ ဦး ၊ နိုင်ငံရေးပါတီအားလုံးမှ ၁၅၀ ဦး ၊ လက်နက်ကိုင် မဟုတ် ပါတီမဟုတ် သည့် တိုင်းရင်းသားခေါင်းဆောင် ၅၀ ဦး ၊ အခြားဖိတ်ကြားသင့်သူများ ၅၀ ဦးဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမည်ဖြစ်သည် ။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိသော လက်နက်ကိုင် အဖွဲ့များ တက်ရောက် နိုင်ခြင်း မရှိခဲ့သည့် အဆိုပါ အစည်းဝေး များတွင် အတိုက်အခံ တိုင်းရင်းသားပါတီ အချို့မှ အစိုးရတပ်မ တော် လွှတ်တော် စုစုပေါင်း ၁ စိပ် ၊ တိုင်းရင်းသားလက်နက်ကိုင် ၁ စိပ် ၊ နိုင်ငံရေးပါတီများ ၁ စိပ် စသဖြင့် ယခင် တပ်မတော်အစိုးရ လက်ထက်က အတိုက်အခံများ တောင်းဆိုခဲ့သည့်အတိုင်း သုံးပွင့်ဆိုင် နိုင်ငံရေးဆွးနွေးရန် တောင်းဆိုခဲ့သည် ။ သို့သော် တပ်မတော် ဘက်မှ လက်မခံခဲ့သောကြောင့် အစည်းအဝေးမှာ အခြေအတင်ဖြစ်နေသဖြင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ၏ အဆုံး အဖြတ်ဖြင့် အစိပ် (၇) စိပ်နှင့် ကိုယ်စားလှယ်ဦးရေ (၇၀၀) တက် ရောက်မည့် မူဘောင်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည် ။
ယခင်တပ်မတော်အစိုးရ လက်ထက်က အမျိုးသားညီလာခံတွင် အဓိက ကျသည့်နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ၊ အစိုးရ တာ ၀န်ရှိသူများသာမက ခေါင်းစဉ်အမျိုးမျိုးဖြင့် အစိုးရနှင့် နီးစပ် သော လူများကို ၁၀၄ မူဖြင့် ထည့်သွင်းခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ်များ၏ လိုလားချက်များ မပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ရေးဆွဲနိုင်ခဲ့သည် ။
လက်ရှိ မူဘောင်ပါ ကိုယ်စားလှယ် အရေအတွက်အရ တပ်မတော်ကိုယ် စားလှယ် ၁၅၀ မှာ တသံတည်း ထွက်နိုင်ပြီး တပ်မတော်မှာ လွှတ်တော် အစုတွင်လည်း နေရာအနည်းငယ် ၊ အစိုးရ အစုတွင်လည်း နေရာ အနည်း ငယ် ရရှိဦးမည် ဖြစ်ကာ နိုင်ငံရေးပါတီများတွင်လည်း လက်ရှိအစိုးရ (သို့မဟုတ် ) တပ်မ တော် နှင့်နီးစပ်သည့် ပါတီများ ပါဝင်နေသဖြင့် တပ်မတော် အသာစီး ရယူထားသည့် မူဘောင်ဖြစ်နေ သည်ဟု လေ့လာသူများက ဆိုသည် ။
ယင်းအပြင် နိုင်ငံရေးပါတီ နှင့် လက်နက်ကိုင်အဖွဲ့မဟုတ်သည့် တိုင်းရင်း သားခေါင်းဆောင် ၅၀ ဦးဆိုသည့်အရေအတွက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေနေအရ ယင်းအရေအတွက် မရှိပဲ ၊ အခြားဖိတ်ကြားသင့်သည့် ကိုယ်စားလှယ် ၅၀ ဦးဆိုသည့် အချက်မှာလည်း အဓိပ္ပာယ်ဖွင့်ဆိုမှု အတွက်ထောက်ပြစရာ ဖြစ်နေခဲ့သည် ။
ယင်းကဲ့သို့ အသာစီးရယူထားမှုများကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကဲ့သို့ ကိစ္စရပ်များတွင် ခက်ခဲနိုင်သည် ဟု နိုင်ငံရေးလေ့လာ သူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည် ။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ လုပ်တဲ့ ၁၉၉၃ - ၂၀၀၇ အမျိုးသားညီလာခံ ပုံစံတူပဲ ဖြစ်လာဖို့ များပါတယ် ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှု ကို ဖော်နိုင်လောက်တဲ့ မူဘောင် ကိုယ်စားလှယ်ရွေးချယ်တာ မဖြစ်လာနိုင်ပါဘူး - ဟု ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည် ။
ညောင်နှစ်ပင်ညီလာခံမှ ဖွဲ့စည်းပုံကို လက်မခံသောကြောင့် သျှမ်းပြည်အတိုင်ပင်ခံ ကောင်စီကို ဖွဲ့စည်းရန် ပြင်ဆင်သည့် SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦးနှင့် သျှမ်းခေါင်းဆောင်တချို့အား ၂၀၀၅ ခုနှစ်က စစ်အစိုးရက ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချ ခဲ့ဖူးသည် ။
Tags: News, politic