မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ရန်ကုန်တွင် ကျင်းပ
စတုတ္တကြိမ်မြောက် မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။ နိုင်ငံတကာ အဖွဲ့အစည်း နှင့် ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် အပါအဝင် မြန်မာနိုင်ငံတွင်းရှိ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရသည် ။
အဆိုပါ ညီလာခံတွင် ဒီဇင်ဘာ (၁၀-၁၁) ရက် နှစ်ရက်သာ ကျင်းပပြီး ရန်ကုန်မြို့ရှိ သတင်းမီဒီယာများ သာမက တိုင်းရင်းသားဒေသများရှိ မီဒီယာများ ၊ အစိုးရသတင်းမီဒီယာများ ၊ အရာရှိများ အပြင် ရွေးကောက်ပွဲ အနိုင်ရပါတီမှ ကိုယ်စားလှယ်များ တက်ရောက်သူ အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည် ။
လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း မြန်မာမီဒီယာ ကဏ်ဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဂုဏ်ယူပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ညီလာခံအဖွင့်တွင် ပြောကြားခဲ့သည် ။
“ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများထက် ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ အာဆီယံနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ပြောင်းလဲမှုကို အသိအမှတ်ပြုကာ မေးမြန်းခံရမှုများ ရှိပါကြောင်း ” ပြောခဲ့သည် ။
သတင်းသမားများသည် သတင်းအရည်အသွေး သတင်း ဂုဏ်အင်္ဂါရပ်များကို ကွဲကွဲပြားပြား သိရှိထားရန်လိုပြီး အရည်အသွေးပြည့်သည့် သတင်းသမားများ ပေါ်ပေါက်နိုင်ရန် သတင်းမီဒီယာ သင်တန်းများကို နယ်မှ သတင်းမီဒီယာသမားများ အပါအဝင် တက်ရောက်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုကြောင်း မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း (MJA) စစ်ကိုင်းတိုင်းအတွင်းရေးမှုး မယဉ်ယဉ်သိန်း (နဘား) က သျှမ်းသံတော်ဆင့် ကိုပြောသည် ။
“ ဒီမီဒီယာ ညီလာခံ ကျင်းပပေးတာ ကောင်းတယ် ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဒေသအသီးသီးမှာ ရှိတဲ့ သတင်းသမားတွေရဲ့ အခက်အခဲ စိန်ခေါ်မှု အမျိုးမျိုးကို နှီးနှော ဖလှယ်ခွင့် နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုပြီးရှိလာစေတယ် ” ဟု ၄င်းက ပြောသည် ။
နိုဝင်ဘာလ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၊ ဗဟိုကောမတီဝင် နှင့် ဗဟိုပြန်ကြားရေး ကော်မတီဝင် ဦးအောင်ရှင်က “ အမျိုးသားရင်ကြားစေရေးနှင့် ဒီမိုကရေစီအရေးကို ဦးစားပေး သည့် နိုင်ငံတော်ကို တက်ညီလက်ညီ တည်ဆောက်ရမည် ဖြစ်ကြောင်း ၊ အငြင်းပွားမှုမရှိဘဲ သဘောတူညီမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ သတင်းလွတ်လပ်ခွင့်ကို အတူပူးပေါင်းကာ အကောင်အထည် ဖော်ရမည်ဖြစ် ကြောင်း နှင့် မိမိတို့ အနေဖြင့် စိန်ခေါ်မှုများထဲမှ အခွင့်အလမ်းကိုရှာဖွေကာ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးမည်ဟု ပြောကြား ၄င်း၏ မိန့်ခွန်း တွင် ပြောသည် ။
အဆိုပါ ညီလာခံတွင် သတင်းရရှိရေး ၊ ရုပ်သံမီဒီယာ ကျယ်ပြန့်ဖြစ်ထွန်းလာမှု ၊ သတင်းသမားများကို အကာ အကွယ်ပေးမှု ၊ တိုင်းရင်းသား မီဒီယာအခန်းကဏ်ဏ္ဍ ၊ လှုမှုအခြေပြုမီဒီယာ နှင့် လူမှုကွန်ယက်မီဒီယာအပါအဝင် မီဒီယာကဏ်ဏ္ဍများတွင် မညီမျှသော ကျား၊မ ခွဲခြားဆက်ဆံမှုစသည့် ကဏ်ဏ္ဍများစွာကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ကြောင်းသိရသည် ။
Tags: General, News